ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေ သိန်းရာဂဏန်းမှ သိန်းသောင်းဂဏန်းအထိရှိ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ မြေကွက်များဝယ်လိုအားကောင်းနေကာ ငွေကျပ်သိန်းရာဂဏန်းမှ ငွေကျပ်သိန်းသောင်းဂဏန်းအထိရှိနေကြောင်း ‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဥက္ကဋ္ဌ ဦးတင်အောင်မြင့်က ပြောသည်။

"လက်ရှိဈေးကွက်အနေအထားကဝယ်လိုအားကောင်းနေတယ်။ အနိမ့်ဆုံးကျပ်သိန်းရာဂဏန်းကနေပြီးတော့ထောင်ဂဏန်းသောင်းဂဏန်းထိရှိတယ်။ လမ်းမတန်းတွေဆိုရင်သိန်းသောင်းဂဏန်းထိဖြစ်နေပြီ။ လက်ရှိဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွေက ဖွံ့ဖြိုးမှုများတော့ ရင်းနှီးမြှုပ်နှံလိုသူတွေလည်းများတယ်။ ဒဂုံဆိပ်ကမ်းက အလားအလာပိုကောင်းမယ်လို့ထင်ပါတယ်"ဟု ဦးတင်အောင်မြင့်က ပြောသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ စီမံကိန်းများဖော်ဆောင်ရန်ဆောင်ရွက်နေခြင်း၊ ပဲခူးမြစ်ကမ်းဘေးရှိ ကုတင်(၅၀၀)ကင်ဆာဆေးရုံရှိခြင်း၊ ပုဏ္ဏမီအိမ်ရာ၊ ရွှေလီရတနာအိမ်ရာ၊ စူပါမားကတ်များလည်းရှိနေသဖြင့် နောင်လာမည့်ကာလများတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ဒဂုံမြို့သစ်(၄)မြို့နယ်မှာကတော့ အားလုံးကသူ့ဈေးတန်းနဲ့သူအရောင်းအဝယ်ကောင်းနေကြပါတယ်"ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဥက္ကဋ္ဌ ဦးတင်အောင်မြင့်က ပြောသည်။

‎မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ဥက္ကဋ္ဌ ဦးတင်အောင်မြင့်သည် ဇွန် ၁၀ ရက်နံနက်ပိုင်းကကျင်းပသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ )၂၀၂၆-၂၀၂၉ သက်တမ်းအတွက် မြို့နယ်အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲတွင် မြို့နယ်ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

image