မာရက်စ်ကာအား ခန့်အပ်ရေး မန်စီးတီးနှင့် ချဲလ်ဆီးတို့ ဆက်လက် ဆွေးနွေးနေ
=====================
မန်စီးတီးနှင့် ချဲလ်ဆီးတို့ဟာ အန်ဇိုမာရက်စ်ကာအား ဂွါဒီယိုလာနေရာတွင် အစားထိုးခန့်အပ်ရေး ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးကို ၁၀ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ပြီးခဲ့တဲ့ရာသီအကုန်တွင် ထွက်ခွာသွားခဲ့ပါတယ်။
မန်စီးတီးဟာ ဂွါဒီယိုလာနေရာတွင် အစားထိုးခန့်အပ်ရေး လက်စတာနှင့် ချဲလ်ဆီးနည်းပြဟောင်းမာရက်စ်ကာအား နံပါတ်တစ်ပစ်မှတ်ထားလာခဲ့ပါတယ်။
မန်စီးတီးနှင့် ချဲလ်ဆီးတို့အကြား မာရက်စ်ကာအတွက် နစ်နာကြေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှု နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး မကြာမီ သဘောတူညီမှု ရရှိလာဖို့ ရှိနေပါတယ်။
အသက် ၄၆ နှစ်ရှိ မာရက်စ်ကာဟာ ချဲလ်ဆီးကို ကလပ်ကမ္ဘာ့ဖလားနှင့်ကွန်ဖရင့်လိဂ်တို့ ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့သူ ဖြစ်ပြီး ဇန်နဝါရီလတုန်းက ချဲလ်ဆီးမှ ထွက်ခွာလာခဲ့ကာ မန်စီးတီးနည်းပြရာထူးအား ရယူရန် ဆန္ဒပြင်းပြနေပါတယ်။
မာရက်စ်ကာဟာ ချဲလ်ဆီးနှင့် ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး ချဲလ်ဆီးက နစ်နာကြေး ရရှိလိုနေပါတယ်။
လက်ရှိအချိန်တွင် ချဲလ်ဆီးဘက်က မာရက်စ်ကာအတွက် နစ်နာကြေး ဘယ်လောက် တောင်းဆိုထားသလဲဆိုတာ မသိရသေးပါဘူး။
မာရက်စ်ကာဟာ မန်စီးတီးတွင် ဂွါဒီယိုလာရဲ့လက်အောက်နည်းပြအဖြစ် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး ၂၀၂၂-၂၃ ရာသီတုန်းက ဆုဖလား ၃ လုံး ရယူရာတွင် နောက်ကွယ်မှ ပံ့ပိုးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်တွင် မန်စီးတီးမှ ထွက်ခွာကာ လက်စတာကို ကိုင်တွယ်ပြီးနောက် ပထမဆုံးရာသီမှာပင် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
မာရက်စ်ကာဟာ ချဲလ်ဆီးအား ကိုင်တွယ်တဲ့ နောက်ဆုံး ၆ လအတွင်းတွင် အသင်းပိုင်ရှင်တို့နှင့် အဆင်မပြေမှုများ ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။