ရေအားလျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
ယနေ့ (ဇွန် ၉ ရက်) ကျင်းပသည့် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီအစည်းအဝေးတွင် ထိုသို့ ထည့်သွင်းမှာကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ မြစ်ချောင်းများမှ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စုစုပေါင်းပမာဏမှာ မဂ္ဂါဝပ် ၁၀၀,၀၀၀ ကျော်ရှိသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၃,၅၀၀ ခန့်သာ ထုတ်လုပ်နိုင်သေးပြီး စုစုပေါင်းအလားအလာ၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ အသုံးချနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။
“ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပြီး ထိရောက်စွာ အကျိုးဖြစ်ထွန်းစေနိုင်မယ့် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုရရှိလာအောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ရေအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ပါက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေဆိုင်ရာရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများစွာ ရှိကြောင်းလည်း ပြောကြားခဲ့သည်။
ရေချိုအရင်းအမြစ်များကို ထိန်းသိမ်းအသုံးချနိုင်ရေးအတွက် အနိမ့်တမံများ တည်ဆောက်ခြင်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း၊ မြို့ပြနှင့် ကျေးလက်သောက်သုံးရေပေးဝေရေး၊ စိုက်ပျိုးရေပေးဝေရေးနှင့် ရေဆိုင်ရာထုတ်ကုန်များကို စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးတို့အတွက် အလားအလာများကို ရှာဖွေဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းခဲ့သည်။
နိုင်ငံတော်သမ္မတ၏ ပြောကြားချက်အရ မြန်မာနိုင်ငံတွင် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်တို့ အပါအဝင် အဓိကမြစ်ကြီး (၄) သွယ်နှင့် မြစ်ချောင်းများ၊ သဘာဝရေကန်များ၊ စိမ့်တောများမှ နှစ်စဉ် ရေချိုဧကပေ သန်း ၈၀၀ ကျော် စီးဆင်းလျက်ရှိသော်လည်း ယင်းရေချိုပမာဏ၏ အနည်းငယ်ကိုသာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလုပ်ငန်းနှင့် အိမ်သုံးရေကဏ္ဍများတွင် အသုံးပြုနိုင်သေးကြောင်း သိရသည်။