ဒီဒီယာဒက်ချမ့်ရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်တွင် ပြင်သစ်အတွက် ဟက်ထရစ်သွင်းယူလာတဲ့ အိုလီဆီ
===================
အကောင်းဆုံးပုံစံ ရရှိနေတဲ့ တောင်ပံကစားသမားမိုက်ကယ်အိုလီဆီဟာ ဒီဒီယာဒက်ချမ့်ရဲ့ နောက်ဆုံးအိမ်ကွင်းပွဲစဉ်အဖြစ် လိုင်လီမှာ မြောက်အိုင်ယာလန်အား ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပထမဆုံးနိုင်ငံတကာဟက်ထရစ် သွင်းယူနိုင်ခဲ့ပါတယ်။

ပြင်သစ်ဟာ အမေရိကန်သို့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မထွက်ခွာမီ နောက်ဆုံးခြေစမ်းပွဲအဖြစ် မြောက်အိုင်ယာလန်နှင့် ရင်ဆိုင်ကစားခဲ့တာပါ။

အိုလီဆီဟာ ပထမပိုင်းပြီးခါနီး ၂ မိနစ်အလိုမှာ အူစမန်နီဒမ်ဘီလီရဲ့ ကန်ချက် လူထိ လမ်းကြောင်းပြောင်းလာမှုကနေ အပိုင်ပိတ်သွင်းပြီး ဦးဆောင်ဂိုးစတင် သွင်းယူခဲ့ပါတယ်။

ယင်းနောက် ဒုတိယပိုင်း ၄၉ မိနစ်မှာ အိုလီဆီကပင် ပင်နယ်တီဧရိယာအတွင်းကနေ အံကျလာတဲ့ ဘောလုံးကို အပြင်းကန်သွင်းပြီး ဒုတိယဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ ၆၄ မိနစ်မှာ တစ်သင်းလုံးပျမ်းမျှအသက် ၂၂.၆ နှစ်ပဲ ရှိတဲ့ မြောက်အိုင်ယာလန်ဟာ ရှီယာချားလ်ရဲ့ ခင်းပေးမှုကနေ ပက်ထရစ်ကယ်လီရဲ့ အနီးကပ်အပိုင်ပိတ်ယူတဲ့ဂိုးဖြင့် ချေပဂိုးရလာခဲ့ပါတယ်။

ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာတော့ အိုလီဆီကပင် သူ့ရဲ့ ပထမဆုံးနိုင်ငံတကာပွဲဟက်ထရစ်အနေဖြင့် ညာခြမ်းကနေ ထိုးဖောက်ပြီး ဧရိယာအပြင်ကနေ ဝေ့ဝိုက်ကန်ချက်ဖြင့် လှပစွာ သွင်းယူခဲ့ပါတယ်။

ဂျရူးရဲ့ ပြင်သစ်အတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ စံချိန်ကို လိုက်မီဖို့ ကြိုးပမ်းနေတဲ့ ကိုင်လီယန်ဘက်ပေး ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ဒူဝေ လူကျွံနေမှုကြောင့် ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။

ဒီပွဲက ပြင်သစ်အသင်းကို ၁၄ နှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ ဒီဒီယာဒက်ချမ့်ရဲ့ ပြင်သစ်နည်းပြဘဝ နောက်ဆုံးအိမ်ကွင်းပွဲလည်း ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ပြင်သစ်နည်းပြရာထူးမှ ထွက်ခွာလာပါမယ်။

ပြင်သစ်ဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဇွန်လ ၁၆ ရက်နေ့တွင် နယူးဂျာစီမှာ ဆီနီဂေါနှင့် စတင်ရင်ဆိုင်ရမှာဖြစ်ပြီး အီရတ်၊ နော်ဝေတို့နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။

image