ICC တရားလိုပြအရာရှိချုပ် ကာရင်မ်ခန်း ရာထူးကနေ ယာယီဖယ်ရှားခံရ

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရဲ့ တရားလိုပြအရာရှိချုပ် ကာရင်မ်ခန်းကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စည်းကမ်းပိုင်းဆိုင်ရာ အရေးယူဆောင်ရွက်မှုတွေကို မဆုံးဖြတ်ရသေးခင်စပ်ကြား ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့ ICC ရဲ့ ရောမဥပဒေသတ်မှတ်ချက်ဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများညီလာခံ ဗျူရိုအဖွဲ့က ထုတ်ပြန်ချက်တစ်ခုမှာ ပြောထားပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ ချက်ချင်းပဲ အသက်ဝင်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဗျူရိုအဖွဲ့ဟာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေကို ICC အဖွဲ့ဝင်နိုင်ငံများညီလာခံဆီ လွှဲပြောင်းပေးခဲ့ပြီး ဒီကိစ္စကို ဆွေးနွေးနိုင်ဖို့အတွက် အထူးအစည်းအဝေးတစ်ခုကို တတ်နိုင်သမျှ အမြန်ဆုံး ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အခုလို ရာထူးကနေ ဖယ်ရှားလိုက်တာဟာ သူ့ရဲ့အမှုအပေါ် နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြိုတင်သတ်မှတ်လိုက်တာ မဟုတ်ဘူးလို့ ရှင်းလင်းထားပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ရုံးတွင်းစုံစမ်းစစ်ဆေးရေးဌာန(Office of Internal Oversight Services) က လုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာ၊ အခြေခံအထောက်အထားတွေ၊ တရားစီရင်ရေးဆိုင်ရာ ယာယီကျွမ်းကျင်သူများအဖွဲ့ရဲ့ အကြံပြုချက်တွေနဲ့ စာဖြင့် တင်ပြချက်တွေပေါ် အခြေခံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အသေးစိတ်ကိုတော့ လူသိရှင်ကြား ထုတ်ပြန်ခြင်း မရှိပါဘူး။

ကာရင်မ်ခန်းဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက ပေါ်ထွက်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေးမှု ခံနေရစဉ်အတွင်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွင့် (ယာယီအလုပ်နားခွင့်) ယူခဲ့ပါတယ်။ အဲဒီနောက် ဩဂုတ်လထဲမှာတော့ ၂၀၀၉ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိခဲ့တယ်လို့ နောက်ထပ် အမျိုးသမီးတစ်ယောက်က ICC ကို ထပ်မံအကြောင်းကြားခဲ့ကြောင်း ဂါးဒီးယန်း (The Guardian) သတင်းစာက ဖော်ပြခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အဲဒီအမျိုးသမီးဟာ အသက် ၂၀ ကျော်ပဲ ရှိသေးပြီး သည်ဟိဂ် (The Hague) မြို့က တရားရုံးတွေနဲ့ ICC မှာ အဓိက ခုခံချေပရေးအဖွဲ့အဖြစ် ဆောင်ရွက်နေတဲ့ ကရင်မ်ခန်းရဲ့ ရုံးခန်းမှာ လစာမရတဲ့ အလုပ်သင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

image