ဒိန်းမတ်အတွက် ကစားစဉ် ဒုတိယအကြိမ်မြောက် မေ့လဲကျပြီးနောက် ပြန်လည်သတိရနေပြီဖြစ်တဲ့ ခရစ္စတီယန်အဲရစ်ဆင်
=====================
ခရစ္စတီယန်အဲရစ်ဆင်ဟာ ဒိန်းမတ်ရဲ့ ယူကရိန်းနှင့် ခြေစမ်းပွဲစဉ်တွင် မေ့လဲကျပြီးနောက် ပြန်လည်သတိရလာပြီဖြစ်ကြောင်း ဒိန်းမတ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြု ကြေညာလာပါတယ်။
အိုဒန်ဆီတွင် ကစားတဲ့ အဆိုပါပွဲစဉ်ရဲ့ ပွဲချိန် ၆၅ မိနစ်တွင် အဲရစ်ဆင်ဟာ ကွင်းအတွင်း မေ့လဲကျခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၄ နှစ်ရှိ အဲရစ်ဆင်ဟာ ကွင်းအတွင်းမှာ ကိုယ်တိုင်လမ်းလျှောက် ထွက်ခွာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ယင်းနောက် ချက်ချင်းဆိုသလိုပဲ ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
ယူနိုက်တက်နှင့် စပါးစ်ကွင်းလယ်ကစားသမားဟောင်းဟာ ၂၀၂၁ ခုနှစ်တုန်းက ဖင်လန်နှင့် ယူရို ၂၀၂၀ ပွဲစဉ်တွင် နှလုံးဖောက်ကာ မေ့လဲကျပြီးနောက် နှလုံးခုန်စက်တပ်ဆင်ခဲ့ရသူ ဖြစ်ပါတယ်။
ဒိန်းမတ်အသင်းဆရာဝန်မော်တန်ဘိုးဆန်က "ခရစ္စတီယန်ရဲ့ အခြေအနေကောင်းပါတယ်။ ပြီးတော့ ကိုယ်တိုင်လည်း လမ်းလျှောက်ထွက်ခွာနိုင်ခဲ့တယ်။ ကျွန်တော် မြင်ရသလောက်ဆိုရင် နှလုံးခုန်စက် ကောင်းကောင်း အလုပ်လုပ်ခဲ့ပုံပဲ။ ခဏမေ့လဲသွားပြီးတဲ့နောက် ချက်ချင်း အလျှင်အမြန်ပဲ သတိဝင်လာခဲ့တယ်။ ကျွန်တော်တို့နဲ့ အလျှင်အမြန်ပဲ သူနဲ့ ဆက်သွယ်နိုင်ခဲ့တယ်။ ဘာကြောင့် ဒီလို ဖြစ်ရသလဲဆိုတာ နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ရပါဦးမယ်"လို့ ပြောကြားသွားပါတယ်။
အဲရစ်ဆင်ဟာ ၂၀၂၁ ခုနှစ်တုန်းက နှလုံးခုန်စက်တပ်ဆင်ခဲ့ပြီးတဲ့နောက် ၂၀၂၂ ခုနှစ်တင် ဘရန့်ဖို့ဒ်အတွက် ပြန်ကစားနိုင်ခဲ့ပြီး ယူနိုက်တက်မှာလည်း သုံးနှစ်ကြာ ကစားခဲ့ပါတယ်။
သူဟာ ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ဝုဖ်ဘတ်သို့ ပြောင်းပြီးနောက် ၃၄ ပွဲကစားခဲ့သလို ယူကရိန်းနှင့်ပွဲတွင် ဒိန်းမတ်အတွက် ၁၅၁ ပွဲမြောက်ပွဲအား ကစားခဲ့ပါတယ်။