ဆိုးရွားတဲ့ ရာသီဥတုကြောင့် တက္ကဆက်တွင် ကစားတဲ့ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲ ၂ နာရီခန့် ရပ်ဆိုင်းခဲ့ရ
======================
ဆိုးရွားတဲ့ ရာသီဥတုကြောင့် တက္ကဆက်တွင် ကစားတဲ့ ဆော်ဒီရဲ့ ပူအာတိုရီကိုနှင့် ကမ္ဘာ့ဖလားခြေစမ်းပွဲစဉ်မှာ ၂ နာရီနီးပါး ရပ်ဆိုင်းခဲ့ရပါတယ်။

အဆိုပါပွဲစဉ်ကို အော်စတင်ရှိ Q2 Stadium ကွင်းတွင် ကစားခဲ့တာ ဖြစ်ပြီး ပွဲချိန် ၂၁ မိနစ်တွင် မိုးကြိုးလျှပ်စီးများ ပစ်ခတ်မှုများကြောင့် ကစားသမားများ ကွင်းအတွင်းမှ ထွက်ပြေးခဲ့ရသလို ပရိသတ်များကိုလည်း အကာအကွယ်အောက်သို့ ဝင်ရောက်ဖို့ သတိပေးစာ ထုတ်ပြန်ခဲ့ရပါတယ်။

ဆော်ဒီက ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ ယင်းပွဲစဉ်မတိုင်မီကတည်းက မိုးကြိုးပစ်မှုများ ဖြစ်ပျက်နေခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့တွင် စတင်လာပါမယ်။

ကမ္ဘာ့ဖလားကျင်းပရာ မြို့အများစုတို့တွင် မိုးကြိုးမုန်တိုင်းပစ်တဲ့ ရာသီ ရှိနေပြီး ကွင်းအနီး ၈ မိုင်အတွင်း မိုးကြိုးပစ်ခတ်မှုရှိကြောင်း စစ်ဆေးတွေ့ရှိပါက ပွဲကို ရပ်ဆိုင်းလာပါမယ်။

ယင်းအကွာအဝေးအတွင်း မိုးကြိုးတစ်ကြိမ် ပစ်မှု ကြုံတိုင်း မိနစ် ၃၀ စီနားလာမှာလည်း ဖြစ်ပါတယ်။

Q2 Stadium ကွင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ပွဲများ လက်ခံကစားလာမှာ မဟုတ်ပါဘူး။ တက္ကဆက်ပြည်နယ်မှ ကွင်း ၂ ကွင်းမှာတော့ လက်ခံကျင်းပလာပါမယ်။

Houston Stadium တွင် ပွဲ ၇ ပွဲလက်ခံကစားလာမှာ ဖြစ်ပြီး Dallas Stadium တွင် ၉ ပွဲလက်ခံကစားလာပါမယ်။

ပြီးခဲ့တဲ့နှစ်တုန်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မိုးကြိုးပစ်ခတ်မှုများကြောင့် စုစုပေါင်း ပွဲချိန် ၄ နာရီနှင့် ၃၉ မိနစ် ရပ်ဆိုင်းခဲ့ရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အပူချိန်မြင့်တက်လာမှုကလည်း ပြဿနာ ဖြစ်လာပါဦးမယ်။ သုသေသီများက ကမ္ဘာ့ဖလားကျင်းပမဲ့ ကွင်း ၁၆ မှ ၁၄ ကွင်းတွင် အန္တရာယ်ရှိတဲ့အပူချိန်နှင့် ကြုံရမယ်လို့ သတိပေးထားပါတယ်။

ဆော်ဒီဟာ လာမဲ့ ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့ဖလားအကြို နောက်ဆုံးခြေစမ်းပွဲအဖြစ် ဆီနီဂေါနှင့် ကစားပြီးလျှင် ဇွန်လ ၁၅ ရက်နေ့တွင် မိုင်ယာမီကွင်းမှာ ဥရုဂွေးနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲ ကစားသွားပါမယ်။

၎င်းတို့ဟာ ဇွန်လ ၂၁ ရက်နေ့တွင် အတ္တလန္တာတွင် စပိန်နှင့်လည်းကောင်း၊ ဇွန်လ ၂၇ ရက်နေ့တွင် ဟူစတန်တွင် ကိဗ်ဗာဒီနှင့်လည်းကောင်း ကမ္ဘာ့ဖလားအုပ်စုပွဲများ ကစားရပါမယ်။

image