4 ရက် - ဘာသာပြန်ပါ။

စပါးစ်ရဲ့မိခင်ကုမ္ပဏီ Enic ရှယ်ယာ ၂၄.၉၉ ရာခိုင်နှုန်းကို စပါးစ်အမှုဆောင်ချုပ်ဟောင်းလီဗိုင်း ရောင်းချလာ
=====================
စပါးစ်အမှုဆောင်ချုပ်ဟောင်းဒါနီရယ်လီဗိုင်းဟာ စပါးစ်ရဲ့မိခင်ကုမ္ပဏီ Enic ရဲ့ ရှယ်ယာ ၂၄.၉၉ ရာခိုင်နှုန်းကို အားကစားရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Eight Sports Capital ထံရောင်းချလာပါတယ်။

ယခုကဲ့သို့ ရှယ်ယာများအား ရောင်းချလာမှုနှင့်အတူ လီဗိုင်းတွင် Enic ရှယ်ယာ ၄.၈၉ ရာခိုင်နှုန်းတည်းသာ ပိုင်ဆိုင်လာပါတော့တယ်။

တဖက်တွင် Enic က လီဗိုင်းရဲ့ ရှယ်ယာရောင်းချလာမှုအပေါ် ကုမ္ပဏီ နှင့် စပါးစ်ဘက်က တစုံတရာစိုးရိမ်ခြင်း မရှိကြောင်း ဆိုထားပါတယ်။

အသက် ၆၄ နှစ်ရှိ လီဗိုင်းဟာ ၂၀၂၅ ခုနှစ် စက်တင်ဘာလတုန်းက စပါးစ်ကို ၂၄ နှစ်တိုင်တိုင် ဦးဆောင်ခဲ့ပြီးနောက် ရာထူးမှ နုတ်ထွက်ခဲ့သူ ဖြစ်ပါတယ်။

အားကစားရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Eight Sports Capital Ltd ကို အမေရိကန်ဖျော်ဖြေရေးနှင့် နည်းပညာကုမ္ပဏီ Triller က ပိုင်ဆိုင်ပါတယ်။

Eight Sports Capital Ltd ရဲ့ စီအီးအိုအဖြစ် အမေရိကန်နည်းပညာဆိုင်ရာစီးပွားရေးလုပ်ငန်းရှင် ဘရွတ်ကလင်းအာရစ်ခ်က တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက စပါးစ်ကို ဝယ်ယူရေး ကြိုးပမ်းခဲ့ဖူးသူ ဖြစ်ပါတယ်။

ထိုစဉ်တုန်းက စပါးစ်က ကလပ်မှာ ရောင်းရန် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပါတယ်။

လက်ရှိအချိန်တွင် Eight Sports Capital Ltd ဘက်က Enic ရှယ်ယာများကို ဈေးနှုန်းဘယ်လောက်နှင့် ဝယ်ယူခဲ့သလဲဆိုတာ အတိအကျ မသိရသေးပါဘူး။ ဒါပေမဲ့ ၎င်းတို့ဟာ စပါးစ်ကို ပေါင် ၄.၃၂၅ ဘီလီယံနီးပါး တန်ဖိုးသတ်မှတ်ကာ ဝယ်ယူခဲ့တာလို့ ယုံကြည်ရပါတယ်။ ဒါကြောင့်လည်း Eight Sports Capital Ltd ဟာ Enic ရဲ့ ရှယ်ယာများကို ပေါင် ၁ ဘီလီယံဝန်းကျင်နှင့် ဝယ်ယူလာတာလို့ ယုံကြည်ရပါတယ်။

image