နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဘီလျှံနာများဖြစ်လာကြတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီ
====================
ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့ဟာ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ တရားဝင် ဘီလျှံနာများ ဖြစ်လာကြပြီ ဖြစ်ပါတယ်။
ဘောလုံးစူပါစတားနှစ်ဦးတို့ဟာ ဆယ်စုနှစ် နှစ်ခုကြာ ဘောလုံးလောကကို ကြီးစိုးလာပြီးနောက် နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်လာကြပါမယ်။
တဖက်တွင် ၎င်းတို့ဟာ ငွေကြေးပိုင်းတွင်လည်း ထိပ်ဆုံးအဆင့်သို့ ရောက်နေကြပြီ ဖြစ်ပါတယ်။
အသက် ၄၁ နှစ်ရှိ ရော်နယ်ဒိုနှင့် အသက် ၃၈ နှစ်ရှိ မက်ဆီတို့ဟာ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်တို့က ပူးတွဲကျင်းပလာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ တရားဝင် ဘီလျှံနာများ ဖြစ်လာကြပြီ ဖြစ်ပါတယ်။
Forbes ရဲ့ဖော်ပြလာမှုအရ မက်ဆီဟာ ဘာစီလိုနာ၊ ပီအက်စ်ဂျီနှင့် လက်ရှိ ကလပ် အင်တာမိုင်ယာမီတို့တွင် ကစားစဉ် ကစားသမားဘဝတစ်လျှောက် လုပ်ခ ပေါင် ၁.၂ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါတယ်။
တဖက်တွင် ရော်နယ်ဒိုဟာ ၂၀၂၃ ခုနှစ်တွင် ဆော်ဒီပရိုလိဂ်ကလပ် Al-Nassr သို့ ပြောင်းရွှေ့ကစားပြီးနောက် ကမ္ဘာ့လုပ်အများဆုံးရ အားကစားသမားဖြစ်လာပါတယ်။
Al-Nassr တွင် တစ်နှစ်လုပ်ခ ပေါင် ၁၇၈ သန်း ရရှိနေတဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝတစ်လျှောက် လုပ်ခ ပေါင် ၁.၂၆ ဘီလီယံ ရရှိခဲ့ပါတယ်။
Forbes က ဖော်ပြလာတဲ့ ရော်နယ်ဒိုနှင့် မက်ဆီတို့ရဲ့ ကစားသမားဘဝတစ်လျောက် လုပ်ခက အခွန်မဆောင်မီ ရရှိတဲ့ ပမာဏပါ။
တဖက်တွင် ၎င်းတို့ဟာ နှစ်စဉ်နှစ်တိုင်း စပွန်ဆာမှ ဝင်ငွေများစွာလည်း ရရှိနေကြသူများ ဖြစ်ပါတယ်။
ဒါအပြင် ၎င်းတို့ဟာ ဆိုရှယ်မီဒီယာမှလည်း ငွေများစွာ ရရှိနေပါသေးတယ်။
ယူနိုက်တက်နှင့် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ရော်နယ်ဒိုက ဆိုရှယ်မီဒီယာမှ နှစ်စဉ် ပေါင် ၄၈ သန်း ရရှိနေသလို Nike ၊ Herbalife တို့ကဲ့သို့ စပွန်ဆာများမှ ဝင်ငွေများအပြင် ကိုယ်ပိုင် CR7 အမှတ်တံဆိပ်ကုန်ပစ္စည်းရောင်းချမှုမှ ငွေများစွာ ရရှိထားပါတယ်။
မက်ဆီမှာလည်း Adidas ထံမှ ရာသက်ပန်စာချုပ်အပြင် Pepsi ၊ Hard Rock တို့မှ စပွန်ဆာကြေး ပေါင် ၄၄ သန်း ရှိနေပါတယ်။