အယ်လ်နီညိုပြန်လည်အားကောင်းလာနိုင်၊ ကမ္ဘာတစ်ဝန်း အပူလှိုင်းနှင့် ရာသီဥတုဆိုးရွားမှုများ ပိုမိုကြုံတွေ့ရဖွယ်ရှိဟု ကုလသမဂ္ဂ သတိပေး

ကုလသမဂ္ဂ လက်အောက်ရှိ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO) က အလယ်အလတ်အဆင့်မှ အားကောင်းသည့် အယ်လ်နီညို (El Niño) ဖြစ်စဉ်တစ်ရပ် ပြန်လည်ပေါ်ပေါက်လာနိုင်ကြောင်း သတိပေးခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် လာမည့်လများအတွင်း ကမ္ဘာတစ်ဝန်း အပူချိန်များ ပိုမိုမြင့်တက်လာနိုင်သည့်အပြင် ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များလည်း တိုးမြင့်ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
WMO ၏ ထုတ်ပြန်ချက်အရ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်များ ပုံမှန်ထက် ပိုမိုမြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် ကိုးလမှ တစ်နှစ်ခန့်အထိ ကြာမြင့်လေ့ရှိကြောင်း သိရသည်။
လက်ရှိတွင် ပူနွေးလာသော ပင်လယ်ရေမျက်နှာပြင်အပူချိန်များက အယ်လ်နီညိုဖြစ်စဉ်ကို အားပေးနေပြီး ဇွန်လမှ သြဂုတ်လအတွင်း ကမ္ဘာ့ဒေသအများစု၌ ပျမ်းမျှထက် ပိုမိုမြင့်မားသော အပူချိန်များ ကြုံတွေ့ရနိုင်ကြောင်း WMO က ခန့်မှန်းထားသည်။ အဆိုပါဖြစ်စဉ်သည် နိုဝင်ဘာလအထိ ဆက်လက်တည်ရှိနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မိုးခေါင်ရေရှားမှုတွေ၊ မိုးသည်းထန်စွာရွာသွန်းမှုတွေ ပိုမိုပြင်းထန်လာနိုင်သလို ကုန်းမြေနဲ့ သမုဒ္ဒရာနှစ်ခုစလုံးမှာ အပူလှိုင်းဖြစ်ပွားနိုင်ခြေကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်” ဟု WMO အတွင်းရေးမှူးချုပ် ဆီလက်စတီ ဆောလိုက ပြောကြားသည်။
WMO ၏ ခန့်မှန်းချက်အရ အယ်လ်နီညိုဖြစ်စဉ်ကြောင့် တောင်အမေရိကတောင်ပိုင်း၊ အမေရိကန်ပြည်ထောင်စုတောင်ပိုင်း၊ အာဖရိကဦးချိုဒေသနှင့် ဗဟိုအာရှဒေသများတွင် မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်သော်လည်း သြစတြေးလျ၊ ဗဟိုအမေရိက၊ အင်ဒိုနီးရှားနှင့် အာရှတောင်ပိုင်းဒေသများတွင် မိုးခေါင်ရေရှားမှုများ ပိုမိုဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
ထို့ပြင် အယ်လ်နီညိုဖြစ်စဉ်သည် အပူလှိုင်းများ၊ အစားအစာနှင့် ရေရှားပါးမှုဆိုင်ရာ အန္တရာယ်များ၊ ရောဂါပိုးသယ်ဆောင်သည့် ပိုးမွှားများမှတစ်ဆင့် ကူးစက်ရောဂါများ ပိုမိုပျံ့နှံ့လာနိုင်သည့် အခြေအနေများကိုလည်း ဖြစ်ပေါ်စေနိုင်ကြောင်း WMO က သတိပေးထားသည်။
WMO ၏ အဆိုအရ ဧပြီလနှောင်းပိုင်းမှ မေလလယ်အတွင်း အီကွေတာပစိဖိတ်ဒေသရှိ ပင်လယ်ရေမျက်နှာပြင် အပူချိန်များ လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အယ်လ်နီညိုဖြစ်ပေါ်လာမည့် လက္ခဏာများ ပိုမိုထင်ရှားလာကြောင်း သိရသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း “အယ်လ်နီညိုအခြေအနေတွေက ပူနွေးလာနေတဲ့ ကမ္ဘာကြီးရဲ့ မီးကို လောင်စာထပ်ဖြည့်ပေးသလို ဖြစ်စေပါလိမ့်မယ်” ဟု ပြောကြားခဲ့ပြီး ရုပ်ကြွင်းလောင်စာအသုံးပြုမှု လျှော့ချကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များသို့ အမြန်ပြောင်းလဲရန် တိုက်တွန်းခဲ့သည်။

image