1 ပတ် - ဘာသာပြန်ပါ။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကစားသမား (၁၈၃)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ကလပ်အသင်းတွေထဲမှာ မန်စီးတီး အများဆုံးဖြစ်

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားစာရင်းကို ဇွန်(၁)ရက် နောက်ဆုံးထားတင်သွင်းခဲ့ပြီးနောက် ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အချက်အလက်တွေ ထုတ်ပြန်ခဲ့ရာမှာ ပရီးမီးယားလိဂ်ကစားသမား (၁၈၃)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်း(၄၈)သင်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်တာကြောင့် ကစားသမားအရေအတွက် (၁၂၄၈)ဦး ပါဝင်မှာ ဖြစ်ပါတယ်။
အဲဒီကစားသမားတွေထဲက (၈၉၁)ဦးက ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရရှိလာသူတွေဖြစ်ပြီး (၃၅၇)ဦးကတော့ ကမ္ဘာ့ဖလားယှဉ်ပြိုင်ဖူးပြီးသား ကစားသမားတွေဖြစ်ကြောင်း ဖီဖာက ဖော်ပြခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား ယှဉ်ပြိုင်မယ့် ကစားသမားတွေက နိုင်ငံပေါင်း (၇၁)နိုင်ငံက ကလပ်အသင်းပေါင်း (၄၄၉)သင်းမှာ ယှဉ်ပြိုင်ကစားနေသူတွေဖြစ်ကြောင်းလည်း သိရပါတယ်။
ပရီးမီးယားလိဂ်နဲ့အတူ အင်္ဂလန်က တခြားလိဂ်တွေမှာ ကစားနေသူတွေကိုပါ ပေါင်းလိုက်မယ်ဆိုရင် အင်္ဂလန်က လိဂ်တွေမှာ ကစားနေသူ (၂၀၅)ဦးက၂၀၂၆ ကမ္ဘာ့ဖလားယှဉ်ပြိုင်မှာဖြစ်ပြီး နိုင်ငံအလိုက်မှာ အများဆုံးအရေအတွက်ဖြစ်ကြောင်းလည်း သိရပါတယ်။
ကလပ်အသင်းထဲမှာတော့ မန်စီးတီးအသင်းက ကစားသမား(၁၉)ဦးပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်က (၁၈)ဦး၊ အာဆင်နယ်နဲ့ PSG က (၁၆)ဦးစီ၊ ဘာစီလိုနာက (၁၅)ဦး ပါဝင်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား(၁၀)ဦးနဲ့အထက် ရွေးချယ်ခံရတဲ့ ကလပ်အသင်း (၁၇)သင်းရှိပြီး အဲဒီထဲမှာ ပရီးမီးယားလိဂ်ကလပ် (၅)သင်း ပါဝင်ခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားမှာ အသက်အကြီးဆုံးကစားသမားက အသက်(၄၃)နှစ်နဲ့ (၁၆၂)ရက်အရွယ် စကော့တလန်ဂိုးသမား ခရိတ်ဂေါ်ဒွန်ဖြစ်ပြီး ဂိုးသမားမဟုတ်တဲ့ ကစားသမားတွေထဲမှာတော့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက (၄၁)နှစ်၊ (၁၂၆)ရက်နဲ့ အသက်အကြီးဆုံးအဖြစ် မှတ်တမ်းဝင်မှာပါ။
အသက်အငယ်ဆုံးကစားသမားကတော့ မက္ကဆီကိုကွင်းလယ်တိုက်စစ်ကစားသမား ဂီလ်ဘာတိုမိုရာဖြစ်ပြီး အသက်က (၁၇)နှစ်နဲ့ (၂၄၀)ရက် ဖြစ်ပါတယ်။

image