၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ မက်ဆီတစ်ဦးတည်း ဟိုတယ်အခန်းနံပါတ် (၂၀၂)မှာ နေထိုင်မယ်
အာဂျင်တီးနားအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလမှာ ဟိုတယ်အခန်း(၂၀၂)မှာ တစ်ဦးတည်းနေထိုင်မှာဖြစ်ကြောင်း သိရပါတယ်။
မက်ဆီက အရင်တုန်းက လက်ရွေးစင်အသင်းအတွက် ယှဉ်ပြိုင်ကစားဖို့ ဟိုတယ်မှာ တည်းခိုရတဲ့အခါ တိုက်စစ်မှူး အဂွဲရိုးနဲ့ အတူနေလေ့ရှိပေမဲ့ အဂွဲရိုး အနားယူသွားပြီးနောက်ပိုင်း တစ်ဦးတည်းသာ နေထိုင်တော့ကြောင်း သိရပါတယ်။
မက်ဆီက အရင်းနှီးဆုံးသူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဒီပေါလ်နဲ့လည်း အတူမနေတာကြောင့် ဒီပေါလ်က အော်တာမန်ဒီနဲ့အတူ အခန်းနံပါတ်(၂၀၃)မှာ နေထိုင်မှာဖြစ်ကြောင်း သိရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကန်ဆက်စီးတီးမြို့က Origin ဟိုတယ်မှာ တည်းခိုနေထိုင်သွားမှာဖြစ်ပြီး မေဂျာလိဂ်ကလပ် ကန်ဆက်စီးတီးအသင်းရဲ့ကွင်းမှာ လေ့ကျင့်မှုပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ မက်ဆီ အခန်းနံပါတ်(၂၀၂)ကို ရွေးချယ်ခဲ့ခြင်းက သူ့အတွက် ဒုတိယမြောက်ကမ္ဘာ့ဖလား၊ အာဂျင်တီးနားအသင်းအတွက် (၄)ကြိမ်မြောက်ကမ္ဘာ့ဖလား ရယူဖို့ ရည်ရွယ်ချက်နဲ့ဖြစ်ကြောင်း လူမှုကွန်ရက်မှာ ဖော်ပြမှုတွေ ရှိနေပါတယ်။
မက်ဆီက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဟိုတယ်အခန်းနံပါတ်(၂၀၁)မှာ နေထိုင်ခဲ့ပြီး ၂+၁ (၃)ကြိမ်မြောက်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်သလို၊ အခု အခန်းနံပါတ်(၂၀၂)ကလည်း ၂+၂ (၄)ကြိမ်မြောက်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ကြောင်း ဖော်ပြနေကြတာပါ။