မြန်မာ ယူ- ၁၉ အသင်း နေ့လည် (၃) နာရီခွဲမှာ ဗီယက်နမ်အသင်းနဲ့ ကစားရမယ်

၂၀၂၆ အာအာဆီ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နေတဲ့ မြန်မာ ယူ- ၁၉ အသင်းဟာ နေ့လည် (၃) နာရီခွဲမှာ ဗီယက်နမ်အသင်းနဲ့ အုပ်စုဒုတိယပွဲအဖြစ် ဆက်လက်ယှဥ်ပြိုင်ကစားမှာဖြစ်ပါတယ်။
မြန်မာ ယူ- ၁၉ အသင်းဟာ ပြီးခဲ့တဲ့ဇွန် (၁)ရက်က အုပ်စုပထမပွဲအဖြစ် အိမ်ရှင်အင်ဒိုနီးရှားအသင်းနဲ့ ယှဥ်ပြိုင်ကစားခဲ့ရာမှာ (၀-၃) ဂိုးနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် မြန်မာ ယူ- ၁၉ အသင်းအတွက် ဒီကနေ့ ယှဥ်ပြိုင်ကစားမယ့် ဗီယက်နမ်အသင်းနဲ့ပွဲဟာ နောက်တစ်ဆင့်တက်ဖို့ အလွန်အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်နေပါတယ်။ ဗီယက်နမ်အသင်းဟာ အုပ်စုပထမပွဲမှာ တီမောအသင်းကို (၃-၀) ဂိုးနဲ့ အနိုင်ရထားပါတယ်။
မြန်မာ ယူ- ၁၉ အသင်းဟာ ၂၀၂၆ အာအာဆီ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (A) မှာ အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တီမောအသင်းတို့နဲ့အတူ အုပ်စုကျပ်အတွင်းကျရောက်နေပါတယ်။ ၂၀၂၆ အာအာဆီ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အသင်း (၁၁) သင်း ပါဝင်ယှဥ်ပြိုင်နေပြီး အုပ်စု (၃) ခုခွဲကာကျင်းပနေပါတယ်။ အုပ်စုတစ်ခုစီက ထိပ်ဆုံးရပ်တည်မှုရ အသင်း (၃) သင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရအသင်း၊ ပေါင်း (၄) သင်းက ဆီမီးဖိုင်နယ်တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။
၂၀၂၆ အာအာဆီ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ မြောက်ဆူမတြားကျွန်းရှိ မီဒန်မြို့မှာ ဇွန် (၁) ရက်ကနေ (၁၃) ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။ မြန်မာ ယူ- ၁၉ အသင်းဟာ ပြိုင်ပွဲမတိုင်မီ ပြီးခဲ့တဲ့ဧပြီလအတွင်းက ထိုင်းနိုင်ငံကိုသွားပြီး ထိုင်းလူငယ်ကလပ်အသင်းတွေနဲ့ လေ့ကျင့်ရေးခြေစမ်းပွဲတွေ ကစားထားပါတယ်။ မြန်မာ ယူ- ၁၉ အသင်းကို ဂျပန်နိုင်ငံသားနည်းပြ ရူဂျီက ကိုင်တွယ်နေပြီး ဒီပြိုင်ပွဲဟာ သူ့အတွက် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲဖြစ်ပါတယ်။ နောက်ဆုံကျင်းပခဲ့တဲ့ ၂၀၂၄ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ အင်ဒိုနီးရှားအသင်းက ထိုင်းအသင်းကို (၁-၀) ဂိုးနဲ့အနိုင်ရဗိုလ်စွဲထားပါတယ်။
၂၀၂၆ အာအာဆီ ယူ- ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မယ့် မြန်မာ ယူ- ၁၉ အသင်းရဲ့ပွဲတွေကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းဖြစ်တဲ့ Readers Channel ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသနေကြောင်း သိရပါတယ်။

image