23 နာရီ - ဘာသာပြန်ပါ။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးတွေ့ဆုံ

မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ- အိန္ဒိယနှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုကိုဆွေးနွေး
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Verma တို့ ဇွန် ၂ ရက်ကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေ ဖြင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများပိုမိုတိုးတက်စေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံအိမ်နီးချင်းကောင်းနိုင်ငံများဖြစ် သည်နှင့်အညီ သမိုင်းကြောင်းတစ်လျှောက်ကောင်းမွန်သည့် ဆက်ဆံရေးများရှိခဲ့မှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံပြည်သူများ အချင်းချင်းအပြန်အလှန် ကူးလူးဆက်ဆံမှုများရှိမှု၊ မြန်မာနိုင်ငံ၌ သဘာဝဘေး အန္တရာယ်များကျရောက်ချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာ ကူညီမှုများပေးခဲ့မှုအပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအနေက ကျေးဇူး တင်ရှိမှုနှင့် နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံရာ ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကိုဂုဏ်ပြုတီး မှုတ်ပြီး ဂုဏ်ပြုညစာမသုံးဆောင်မီနှင့်သုံးဆောင်နေစဉ်အတွင်း မဟာရာရှ်ထရာ ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့ကနှစ်နိုင်ငံ တေးသီးချင်းများဖြင့်တီးမှုတ်ဖျော်ဖြေခဲ့ကြသည်။
ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတ သည် Maharashtra Lok Bhavan Mumbai (Governor's House)၏ ဧည့်သည်တော်မှတ်တမ်းတင် လက်မှတ်ရေးထိုးပြီး မဟာရာရှ်ထရာပြည်နယ် ဂုဏ်ပြုတီးဝိုင်းအဖွဲ့၏ ဖျော်ဖြေတီးမှုတ်မှုအားကြည့်ရှုအားပေးကာ နိုင်ငံတော်သမ္မတနှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ချီးမြှင့်ငွေများပေးအပ်ပြီးနှုတ်ဆက်ခဲ့ကြသည်။

image