မြန်မာအမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန်အသင်း ယူ- ၁၉ အဆင့်တွင်သာ တွေ့ဆုံထား
မြန်မာအမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန်အမျိုးသမီးအသင်းတို့ဟာ စီနီယာလက်ရွေးစင်အဆင့်တွေမှာ တစ်ကြိမ်တစ်ခါမှ တွေ့ဆုံထားဖူးခြင်းမရှိပေမဲ့ ယူ- ၁၉ အဆင့်မှာတော့ တွေ့ဆုံထားဖူးကြောင်း သိရပါတယ်။
မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန် ယူ- ၁၉ အမျိုးသမီးအသင်းတို့ဟာ ၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ၂၀၁၉ အာရှဖလား ယူ- ၁၉ အမျိုးသမီးပြိုင်ပွဲ ခြေစစ်ပွဲဒုတိယအဆင့် အုပ်စုပွဲမှာ တွေ့ဆုံထားခဲ့ပါတယ်။
အဲဒီတုန်းက အုပ်စုပွဲတွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီအုပ်စုအဆင့်မှာ မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းက ဥဇဘက်ကစ္စတန် ယူ- ၁၉ အမျိုးသမီးအသင်းကို (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
အဲဒီတုန်းက မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန် ယူ- ၁၉ အမျိုးသမီးအသင်းတွေမှာ ပါဝင်ကစားခဲ့ကြတဲ့ ကစားသမားအများစုဟာ လက်ရှိ စီနီယာလက်ရွေးစင်အသင်းကြီးတွေမှာ ပါဝင်ရောက်ရှိနေကြသူတွေဖြစ်နေကြောင်း သိရပါတယ်။
၂၀၂၆ သုံးနိုင်ငံ ချစ်ကြည် ရေးဖိတ်ခေါ်ပြိုင်ပွဲကို ပြည်တွင်းအခမဲ့ရုပ်သံလိုင်းဖြစ်တဲ့ Readers Channel နဲ့ Pyone Play Sports Youtube Channel တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ၂၀၂၆ သုံးနိုင်ငံ ချစ်ကြည်ရေးဖိတ်ခေါ်ပြိုင်ပွဲအတွက် ကြိုတင်လက်မှတ်များကို မေ (၂၂) ရက်ကနေစပြီး အွန်လိုင်ကနေတစ်ဆင့် ရောင်းချခဲ့ပါတယ်။
MFF ဟာ လက်မှတ်ဈေးနှုန်းများကို အထူးတန်း ကျပ် (၅၀၀၀) ၊ ရိုးရိုးတန်း ကျပ် (၂၀၀၀) သတ်မှတ်ထားပြီး ကိုယ်တိုင်ကိုယ်ကျ ဝယ်ယူလိုသူများအတွက် မေ (၃၁) ကစပြီး MFF ရုံးရှေ့မှာ ရောင်းချပေးနေကြောင်း သိရပါတယ်။
MFF ဟာ ပြီးခဲ့တဲ့မေလ တတိယပတ်အတွင်းက ဂျပန်နိုင်ငံသားနည်းပြ မစ်ဆူအိုကာတိုကို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် (၂) နှစ်စာချုပ်နဲ့ ခန့်အပ်ထားပါတယ်။
ယခင် ယာယီနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ဒေါ်စန်းစန်းသိန်းကိုတော့ လက်ထောက်နည်းပြအဖြစ် ဆက်လက်တာဝန်ပေးထားပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ပြီးခဲ့တဲ့ဧပြီ ၂၇ ရက်ကစလို့ ပဏာမကစားသမား ၃၅ ဦးနဲ့ လေ့ကျင့်မှုများ ပြုလုပ်ခဲ့တာဖြစ်ပြီး မနေ့ကညနေမှာတော့ အပြီးသတ်ကစားသမား ၂၅ ဦးကို ရွေးချယ်ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ ၂၀၂၆ သုံးနိုင်ငံ ချစ်ကြည်ရေးဖိတ်ခေါ် ပြိုင်ပွဲကို ဇွန် ၃ ရက်ကနေ ၉ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ပြိုင်ပွဲကို အိမ်ရှင်မြန်မာအမျိုးသမီးအသင်း၊ ထိုင်းအမျိုးသမီးအသင်းနဲ့ ဥဇဘက်ကစ္စတန်အမျိုးသမီးအသင်းတို့ အုပ်စုပတ်လည်ပုံစံနဲ့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ကြောင်း သိရပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဒီကနေ့ (ဇွန် ၃ ရက်) ညနေ (၅) နာရီမှာ ဥဇဘက်ကစ္စတန်အသင်း၊ ဇွန် ၉ ရက်မှာ ထိုင်းအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။