မြဝတီ နယ်စပ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းကို ဒရုန်းကျလို့ မြန်မာလုပ်သားမိသားစု သုံးယောက်သေပြီး နှစ်ယောက်ဒဏ်ရာပြင်းထန်ရရှိခဲ့
ထိုင်း - မြန်မာနယ်စပ် ၊ တာ့ခရိုင် ၊ ဖုတ်ဖရမြို့နယ်၊ ဝါးလေကျေးရွာအုပ်စု၊ မောကဲထိုင်ကျေးရွာ (မူး ၁) ရှိ ငရုတ်သီးစိုက်ခင်းထဲကို ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး မြန်မာရွှေ့ပြောင်းလုပ်သား မိသားစုဝင် သုံးယောက်သေဆုံးကာ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က ဇွန် ၂ ရက်နေ့၊ ထိုင်း - မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ထဲက နယ်စပ်ကျေးရွာဘက်မှာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားပြီး ဒရုန်းအပါအဝင် လက်နက်ကြီး လက်နက်ငယ်အပြန်အလှန်ပစ်ခတ်ရာကနေ နယ်နမိတ်ထိစပ်နေတဲ့ ထိုင်းနယ်စပ်က ကျေးရွာ ငရုတ်စိုက်ခင်းထဲကို ဒရုန်းကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
" ဗုံးပေါက်ကွဲမှုကြောင့် သေတာက မိသားစုသုံးယောက်ပါ ။ ဒရုန်းတစင်းလည်း အဲဒီမှာတွေ့ရ တယ် ။ဖြစ်တာက မနေ့က ညနေ ၄ နာရီလောက် ငရုတ်သီးခူးနေချိန် ဒရုန်းဗုံးကျပေါက်ကွဲပြီး သေတာလို့ သိရတယ်။ ဒဏ်ရာရတဲ့နှစ်ယောက်ကိုတော့ မဲဆောက်ဆေးရုံကိုပို့ထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရဲတွေ ပြောတာတော့ ဒရုန်းက နယ်စပ်ဖြတ်ကျော်လာပြီးသစ်ပင်နဲ့တိုက်မိတယ်။ အဲဒီမှာ ဒရုန်းမှာပါတဲ့ ဗုံးက ပြုတ်ကျပေါက်ကွဲပြီး ငရုတ်သီးခူးနေတဲ့ မြန်မာလုပ်သားတွေ သေဆုံးဒဏ်ရာရတယ် သိရတယ် ။ သူတို့တွေ စစ်ဆေးမှုတော့ လုပ်နေတယ်။ " လို့ မြန်မာလုပ်သား အရေးကူညီဆောင်ရွက်နေသူက ပြောပါတယ်။
ဒရုန်းပေါက်ကွဲမှုအတွင်း သေဆုံးသူတွေကတော့ အသက် ၂၅ နှစ်အရွယ် မမခိုင် ၊ ခင်ပွန်းဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကိုသူရနဲ့ သားဖြစ်သူ အသက် ၁၁ နှစ်အရွယ် တို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကတော့ အသက် ၃၁ နှစ်အရွယ်အမျိုးသားနဲ့ အသက် ၃၀ နှစ်အရွယ် နိုင်မမဆိုတဲ့ အမျိုးသမီးတို့ ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာ ထိုင်းအာဏာပိုင်တွေက အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နယ်စပ်နေရာကို အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ကာ အများပြည်သူ ဝင်ထွက်သွားလာခွင့် ပိတ်လိုက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ် ။
မနေ့က ဖြစ်ပွားတဲ့ ထိုင်း - မြန်မာနယ်စပ် ၊ မြန်မာဘက်ခြမ်းက တိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီပြီး နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေကြရသလို တချို့ကတော့ ထိုင်းဘက်ခြမ်းကို သွားရောက်စစ်ရှောင်မှုရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ထိုင်းဘက်ခြမ်းကို စစ်ရှောင်လာတဲ့ မြန်မာဒေသခံတွေကို ထိုင်းအာဏာပိုင်တွေ ယာယီခိုလှုံဖို့ နေရာပေးထားပြီး ကူညီစောင့်ရှောက်ပေးထားသလိူ ထိုင်း-မြန်မာ နယ်စပ်တလျှောက်၊ ထိုင်းဘက်အခြမ်းမှာလည်း လုံခြုံရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီမှုတွေ ပေးနိုင်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ် ။