ကမ္ဘာ့ဖလားမတိုင်မီ အမေရိကန်တွင် အပန်းဖြေခရီးထွက်ကြရန် အင်္ဂလန်ကစားသမားများ အကြံပေးခံခဲ့ရ
======================
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ အမေရိကန်နိုင်ငံရဲ့ အချိန်ဇုန်နှင့် အသားကျလာစေရန်အတွက် အင်္ဂလန်ကစားသမားများအား အားလပ်ရက် အပန်းဖြေခရီးထွက်ကြရန် အကြံပေးခဲ့ပါတယ်။
အင်္ဂလန်အသင်းသား ၂၆ ဦးမှ ၂၁ ဦးတို့ဟာ ယနေ့တွင် ဖလိုရီဒါသို့ ရောက်လာကာ ကမ္ဘာ့ဖလားအတွက် စခန်းသွင်းလေ့ကျင့်ခန်းဆင်းလာပါမယ်။ ၎င်းတို့ဟာ ဇွန်လ ၆ ရက်နှင့် ၁၀ ရက်နေ့တို့တွင် နယူးဇီလန်၊ ကော့စတာရီကာတို့နှင့် ခြေစမ်းပွဲကစားသွားပါမယ်။
အင်္ဂလန်အသင်းကစားသမားအများစုတို့ဟာ တူချယ်ရဲ့အကြံပြုချက်ကြောင့် ရာသီသိမ်းအားလပ်ရက်အား အမေရိကန် သို့မဟုတ် ကာရေဘီယံတွင် အပန်းဖြေလာကြတယ်လို့ ယုံကြည်ရပါတယ်။
တဖက်တွင် အမေရိကန်ရဲ့ ရာသီဥတုမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပချိန်တွင် 26C အထက် မြင့်တက်လာမှာ ဖြစ်လို့ ကစားသမားများအနေဖြင့် ရာသီဥတုနှင့်လည်း အသားကျရန် လိုအပ်နေပါတယ်။
တဖက်တွင် အမေရိကန်ရဲ့အချိန်ဇုန်ကလည်း အသားကျရန် လိုနေပါတယ်။ အင်္ဂလန်အသင်းအခြေစိုက်ရန် ကန်ဆက်စ်စီးတီးမှာ ဗြိတိန်ရဲ့အချိန်ထက် ၆ နာရီနောက်ကျပါတယ်။ ဒါ့အပြင် ဇွန်လ ၁၇ ရက်နေ့တွင် ခရိုအေးရှားနှင့်အဖွင့်ပွဲကစားမဲ့ ဒဲလ်လက်စ်မှာလည်း အတူတူပင် ဖြစ်ပါတယ်။
ဂါနာ၊ ပနားမားတို့နှင့် ရင်ဆိုင်ကစားရမဲ့ ဘော်စတွန်၊ နယူးဂျာစီတို့မှာ ဗြိတိန်အချိန်ထက် ၅ နာရီ နောက်ကျပါတယ်။
ဒါကြောင့်လည်း တူချယ်ဟာ လက်ရွေးစင်အသင်းနှင့် မပူးပေါင်းမီ အင်္ဂလန်ကစားသမားများအား အားလပ်ရက် အပန်းဖြေခရီးထွက်မှုအား အမေရိကန်သို့ သွားရန် အကြံပေးခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် ဥရောပဗိုလ်လုပွဲများ ကစားခဲ့ကြတဲ့ ဒီကလန်ရိုက်၊ နိုနီမာဒူကီ၊ အီဘီရီချီအီးဇီး၊ ဘူကာယိုဆာကာ၊ ဒိန်းဟင်ဒါဆင်တို့မှာ အင်္ဂလန်အသင်းနှင့် နောက်ကျပြီးမှ ပူးပေါင်းပါမယ်။ ၎င်းတို့ဟာ အားလပ်ရက်အပန်းဖြေပြီးမှ အင်္ဂလန်နှင့် ပူးပေါင်းလာမှာပါ။
ဒါ့အပြင် အဲလက်စ်စကော့၊ ဂျေဆင်စတီး၊ ရီယိုအန်ဂူမိုဟာ၊ ဂျို့စ်ကိန်း၊ အီသန်နဝမ်နရီတို့မှာလည်း ဖလိုရီဒါတွင် အင်္ဂလန်အသင်းနှင့်အတူ ပူးပေါင်းကာ လေ့ကျင့်ခန်းဆင်းလာပါမယ်။