ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဂိုးသမားဒဏ်ရာရရှိနေချိန်တွင် နည်းစနစ်ဧရိယသို့ ကစားသမားများ သွားခွင့် ပိတ်ပင်လာ
======================
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဂိုးသမား ဒဏ်ရာရရှိနေစဉ်အတွင်း ကစားသမားများမှာ နည်းစနစ်ဧရိယာသို့ သွားရောက်ကာ နည်းပြနှင့် စကားပြောခွင့် ပိတ်ပင်လာမည်ဖြစ်ကြောင်း ဖီဖာဒိုင်အကြီးအကဲပီယာလူဂီကော်လီနာက ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ဂိုးသမားများ ဒဏ်ရာရရှိနေစဉ်အတွင်း နည်းပြများက ကစားသမားများအား နည်းစနစ်ဧရိယာသို့ လာစေကာ နည်းဗျူဟာပိုင်းနှင့်ပတ်သက်ပြီး ညွှန်ကြားမှု ပြုလုပ်ကာ ပွဲကို အလှည့်အပြောင်းဖြစ်ရေး အသုံးချလာခဲ့ကြပါတယ်။
နိုဝင်ဘာလတုန်းက လိဒ်နည်းပြဒါနီရယ်ဖီကာဟာ မန်စီးတီးဂိုးသမားဒွန်နာရမ်မာ ဒဏ်ရရှိကာ ဆေးကုသမှု ခံယူနေစဉ်အတွင်း ဂွါဒီယိုလာက ကစားသမားများကို ညွှန်ကြားမှုအသစ်များ ပြုလုပ်ပေးခဲ့မှုက ဘောလုံးစည်းမျဉ်းအား ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။
ဂိုးသမားက ကွင်းအတွင်း ထိုင်ချကာ ဆေးကုသမှု ခံယူရေး ဆေးအဖွဲ့ကို အချက်ပြ ခေါ်ဆောင်ခဲ့ပါတယ်။ ယင်းအချိန်တွင် ကျန်ကစားသမားများက နည်းစနစ်ဧရိယာသို့ သွားရောက်ကာ ညွန်ကြားချက်အသစ်များ ရယူခဲ့ပါတယ်။
ယခုအခါ ဖီဖာက လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဂိုးသမား ဒဏ်ရာရရှိကာ ကွင်းအတွင်း ဆေးကုသမှု ခံယူနေစဉ်အတွင်း ကစားသမားများအား နည်းစနစ်ဧရိယာသို့ သွားရောက်ခွင့် ပိတ်ပင်လာပြီ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ဂိုးသမား ဒဏ်ရာရရှိနေချိန်တွင် ကစားသမားများမှာ ၎င်းတို့ ရှိနေတဲ့ နေရာ (သို့မဟုတ်) ကွင်းလယ်စက်ဝိုင်းတွင် ရှိနေရပါမယ်။
ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အသင်း ၄၈ သင်းမှ နည်းပြများနှင့် အလုပ်ရုံဆွေးနွေးမှု ပြုလုပ်စဉ် ယင်းစည်းမျဉ်းကို အသိပေးခဲ့တာလည်း ဖြစ်ပါတယ်။
ဖီဖာက ယင်းသို့ ကန့်သတ်မှု ပြုလုပ်ထားပေမဲ့လည်း နည်းပြအား သွားရောက် စကားပြောတဲ့ ကစားသမားကို အဝါကတ် သို့မဟုတ် အရေးယူမှု ပြုလုပ်လာမှာ မဟုတ်ပါဘူး။
တဖက်တွင် ဖီဖာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ရာသီဥတုအပူချိန်ကြောင့် ပထမပိုင်းနှင့် ဒုတိယပိုင်းတို့တွင် ၃ မိနစ်နားကာ ရေဓာတ်ဖြည့်တင်းရေး အနားပေးရေးလည်း ဆွေးနွေးနေပါတယ်။ ယင်းရေဓာတ်ဖြည့်တင်းရေး အနားပေးချိန်တွင် နည်းပြများအနေဖြင့် ကစားသမားများကို နည်းဗျူဟာပိုင်းပို့ချ ညွှန်ကြားမှု ပြုလုပ်လာနိုင်ပါသေးတယ်။