ဂက်စ်ပါရီရဲ့ တောင်းဆိုမှုကြောင့် တော့တီအား ပြန်လည်ခန့်အပ်ရေး ရိုးမား ပြန်လည် ဆွေးနွေးလာ
====================

ရိုးမားဂန္ထဝင်ဖရန်ဆစ္စကိုတော့တီဟာ ကလပ်တွင် ပြန်လည်တာဝန်ထမ်းဆောင်ရေး ဆွေးနွေးမှု ပြန်လည် ပြုလုပ်လာတော့မှာလည်း ဖြစ်ပါတယ်။
တော့တီဟာ ရိုးမားသို့ ပြန်လာရေး လွန်ခဲ့တဲ့လအနည်းငယ်ခန့်ကတည်းက ဆွေးနွေးလာခဲ့ပေမဲ့ ဆွေးနွေးမှု တိုးတက်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ ယခုအခါ မန်နေဂျာဂီယန်ပီရိုဂက်စ်ပါရီနီကိုယ်တိုင်က တွန်းအားပေးလာမှုနှင့်အတူ ရိုးမားဟာ တော့တီကို ပြန်လည်ခေါ်ဆောင်ရေး ထပ်မံ ဆွေးနွေးလာတော့မှာ ဖြစ်ပါတယ်။
ရိုးမားဟာ ကလပ်နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ဖရန်ဆစ္စကိုတော့တီကို ရာပြည့်သံတမန်အဖြစ် ခန့်အပ်လိုနေတာ ဖြစ်ပြီး တစ်နှစ်စာချုပ်ဖြင့် ဆွေးနွေးခဲ့ကာ ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်း ညှိနှိုင်းခဲ့ပါတယ်။
ဒါပေမဲ့ ရိုးမားက တစ်နှစ်လုပ်ခ ယူရို ၅၀၀၀၀၀ မှ ယူရို ၆၀၀၀၀၀ အတွင်းသာ ပေးလိုပြီး တော့တီဘက်က ယင်းထက် နှစ်ဆ အလိုရှိနေမှုနှင့်အတူ ဆွေးနွေးမှု တိုးတက်လာခဲ့ခြင်း မရှိပါဘူး။
ယခုအခါမှာတော့ ဂက်စ်ပါရီနီက တော့တီမှာ အသင်းရဲ့ အဝတ်အစားလဲခန်းနှင့် ဘုတ်အဖွဲ့အကြား ပေါင်းကူးတံတား ဖြစ်လာကာ အရေးပါတဲ့သူတစ်ဦးဖြစ်လာနိုင်တာကြောင့် ခန့်အပ်ရေး ကလပ်ကို ဖိအားပေးလာပါတယ်။
ဒါ့အပြင် ဂက်စ်ပါရီနီက ကစားသမားဘဝတစ်ခုလုံးအား ရိုးမားတွင် ကုန်ဆုံးလာခဲ့တဲ့ တော့တီမှာ အဝတ်အစားလဲခန်းအတွင်း ကစားသမားများကို ဦးဆောင်လာနိုင်တဲ့အပြင် ကလပ်တွင်း ပြဿနာများကို ဖြေရှင်းနိုင်တဲ့သူအဖြစ်လည်း မြင်နေပါတယ်။
ဒါကြောင့်လည်း ဂက်စ်ပါရီနီဟာ ကလပ်ပိုင်ရှင် ဖရိုင်းကန်မိသားစုအား တော့တီကို ပြန်လည်ခေါ်ဆောင်ရေး ဖိအားပေးလာပါတယ်။
ရိုးမားဘုတ်အဖွဲ့ဝင်များဟာ ယခုအပတ်အတွင်းတွင် တော့တီနှင့် ပြန်လည် ဆွေးနွေးလာဖို့ ရှိနေပါတယ်။

image