1 ပတ် - ဘာသာပြန်ပါ။

EV ယာဥ်ထုတ်လုပ်ခြင်းအပါအဝင် ကဏ္ဍ(၅)ခု၌ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များလာရောက်လုပ်ကိုင်ပါက ဦးစားပေးဝန်ဆောင်မှုများဖြင့်အထူးပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ပြော

နိုင်ငံတော်၏လိုအပ်ချက်အရ EV ယာဥ်ထုတ်လုပ်ခြင်းအပါအဝင် ကဏ္ဍ(၅)ခု၌ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များလာရောက်လုပ်ကိုင်ပါက ဦးစားပေးဝန်ဆောင်မှုများဖြင့်အထူးပံ့ပိုးပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
အိန္ဒိယနိုင်ငံ၌ တရားဝင်ခရီးစဥ်အဖြစ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ကျင်းပသည့် မြန်မာ-အိန္ဒိယ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
" နိုင်ငံတော်ရဲ့လိုအပ်ချက်အရ ဓာတ်မြေဩဇာ၊ ဘိ လပ်မြေနဲ့ သံမဏိထုတ်လုပ်တာ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတိုးတက်စေဖို့ လျှပ်စစ်သုံးယာဉ် ထုတ်လုပ်တာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးတန်ဖိုးမြှင့် ထုတ်ကုန်တွေထုတ်လုပ်တာ၊ ဆေးဝါးနဲ့ ဆေးပစ္စည်း ကိရိယာတွေထုတ်လုပ်တာ စားသုံးဆီထုတ်လုပ်တာစတဲ့ ကဏ္ဍတွေမှာ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ရင် ဦးစားပေးဝန်ဆောင်မှုတွေနဲ့ အထူးပံ့ပိုးပေးသွားပါမယ်"ဟု နိုင်ငံတော်သမ္မတက ပြော သည်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ မြေဧရိယာ (၁၀,၀၀၀)ဧကခန့်အား ရတနာပုံဆိုက်ဘာစီတီး(ရတနာပုံမြို့သစ်)စီမံကိန်းအဖြစ်အကောင်အထည်ဖော်လျက်ရှိရာ IT ကဏ္ဍတွင်အောင်မြင်ပြီးဖြစ်သည့် အိန္ဒိယလုပ် ငန်းရှင်များအနေဖြင့် IT နှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများကို လာရောက်ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းများဖြစ်သည်ဟု ဖိတ်ခေါ်ခဲ့သည်။
" အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေအတွက် မြန်မာနိုင်ငံမှာ ကုန်သွယ်မှုသာမက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ လက်ရှိထက်အဆများစွာ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မယ့် အခွင့်အလမ်းကောင်းတွေရှိနေပါတယ်။ အဲ့ဒီလအလားအလာတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ မိမိတို့နှစ်နိုင်ငံကြား စီးပွားရေးပူးပေါင်းဆောင်ရွက် မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးကို ပိုမိုနီးကပ်စွာဆောင် ရွက်ကြရပါမယ်။ လုပ်ငန်းစဉ်တွေ ပိုမိုလွယ်ကူလျင်မြန်အောင် မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ ကိုရေး ဆွဲနေပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်အတွက် မဟာဗျူဟာအရအရေးပါသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများအဖြစ် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှု၊ ဆေးဝါးထုတ်လုပ်မှု၊ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအဖြစ် သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်မည့် ကဏ္ဍများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လယ်ယာအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပြန်လည်ပြည့် ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ဦးစားပေးအဖြစ် သတ်မှတ်ဖိတ်ခေါ်လျက်ရှိသည်ဟု ပြောသည်။
ထို့အတူ ပြည်တွင်းထွက်ကုန်အခြေခံသစ်အချောထည် ပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သားနှင့် သစ်ခွဲသားထုတ်လုပ်မှုလုပ်ငန်းများအပြင် အဆင့်မြင့်ချည်၊ အဆင့်မြင့်ရာဘာနှင့် ရာဘာအခြေခံ ပရိဘောဂပစ္စည်းများထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image