မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှ (၁ ဒသမ ၅)ဘီလီယံခန့်ရှိ မြန်မာနိုင်ငံက ပို့ကုန်ပိုများဟု နိုင်ငံတော်သမ္မတပြော

မြန်မာ-အိန္ဒိယနှစ်နိုင်ငံကုန်သွယ်မှုသည် နှစ်စဉ်ပျမ်းမျှ (၁ ဒသမ ၅)ဘီလီယံခန့်ရှိ မြန်မာနိုင်ငံက ပို့ကုန်ပိုများ သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယမန်နေ့ မေ ၃၁ ရက်တွင် နယူးဒေလီမြို့ရှိ Taj Mahal ဟိုတယ်၌ ကျင်းပသည့် မြန်မာ-အိန္ဒိယကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏အဓိကကုန်သွယ်ဖက်နိုင်ငံများတွင်ပါဝင်ပြီး မြန်မာနိုင်ငံက စတုတ္ထမြောက်ပို့ကုန်အများဆုံးတင်ပို့နေသည့်နိုင်ငံဖြစ်ကာ မြန်မာနိုင်ငံကို ဆဋ္ဌမမြောက်သွင်းကုန်အများဆုံးတင်သွင်းနေ သည့်နိုင်ငံလည်းဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုမှာ နှစ်စဉ် ပျမ်းမျှ (၁ ဒသမ ၅)ဘီလီယံခန့်ရှိကာ မြန်မာနိုင်ငံက ပို့ကုန်ပိုများသည်ဟု ပြောသည်။
" မြန်မာနိုင်ငံက အိန္ဒိယကို မတ်ပဲ၊ ပဲစင်းငုံ၊ မြေထောက်ပဲ၊ ရေထွက်ပစ္စည်း၊ ချုပ်ပြီးအထည်၊ သစ်ပါးလွှာနဲ့ အ ထပ်သားတွေကို အဓိကတင်ပို့နေပါတယ်။ အိန္ဒိယထုတ်ကုန်တွေဖြစ်တဲ့ ဆေးဝါး၊ ရေနံထွက်ပစ္စည်း၊ ဓာ တုဗေဒပစ္စည်း၊ ကား၊ ဆိုင်ကယ်နဲ့ လယ်ယာသုံးစက်ပ စ္စည်းတွေ အဓိကတင်သွင်းနေပါတယ်။ ဒါ့ကြောင့် အိန္ဒိ ယနိုင်ငံက ပို့ကုန်တွေတိုးမြှင့်နိုင်ဖို့ ဆောင်ရွက်စေလိုပါတယ်။ ဥပမာအနေနဲ့ သံ၊ သံမဏိ၊ ဆေးဝါး၊ ဓာတုဗေဒပစ္စည်းတွေပါ"ဟု နိုင်ငံတော်သမ္မတက ပြောသည်။
လက်ရှိအချိန်၌ အိန္ဒိယနိုင်သည် မြန်မာနိုင်ငံတွင် ရင်း နှီးမြှုပ်နှံမှုလုပ်ငန်း(၃၉)ခု၊ အမေရိကန်ဒေါ်လာ(၇၈၂ ဒသမ ၃၈၅)သန်းနှင့် (၁၁)နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ပြီး စက်မှု၊ ရေနံနှင့် သဘာဝဓာတ် ငွေ့၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတို့တွင်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
ထို့ပြင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရဌာနများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများကြားဆက်ဆံရေးပိုမိုကောင်းမွန်လာသည်နှင့်အမျှ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုများတိုးတက်ခိုင်မြဲလာသည်ကိုတွေ့ရသည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

image