ဂါဘရီရယ်အား အဆုံးအဖြတ် ပင်နယ်တီကန်စေမှုအပေါ် အာဆင်နယ်ဂန္ထဝင်ဟင်နရီ မေးခွန်းထုတ်လာ
=====================

သီယာရီဟင်နရီဟာ ဂါဘရီရယ်အား ပီအက်စ်ဂျီနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ၅ လုံးမြောက်ပင်နယ်တီအား ကန်စေမှုအပေါ် မေးခွန်းထုတ်လာပါတယ်။
ဘရာဇီးဗဟိုနောက်ခံလူဟာ အဆုံးအဖြတ်ပင်နယ်တီအား ကန်ရာမှာ အပေါ်ထောင်ကန်ခဲ့ပြီး ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ်ချန်ပီယံဘွဲ့အား ကာကွယ်သွားခဲ့ပါတယ်။
အာဆင်နယ်ဘက်မှ ဗစ်တာဂျိုကီရက်စ်၊ ဒီကလန်ရိုက်နှင့် မာတင်နယ်လီတို့ ပင်နယ်တီ ဝင်ခဲ့ကြပေမဲ့ အီးဇီးမှာလည်း ပင်နယ်တီလွဲခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိ အာဆင်နယ်ဂန္ထဝင်သီယာရီဟင်နရီဟာ ပီအက်စ်ဂျီသူရဲကောင်းပက်စ်နယ်ကမ်ပမ်ဘီနှင့်အတူ ချန်ပီယံလိဂ်ဖလားအား ကွင်းအတွင်း သယ်ဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
အလွန်အရေးပါတဲ့ ၅ လုံးမြောက်ပင်နယ်တီအား ဂါဘရီရယ်ကို ကန်စေရန် ဆုံးဖြတ်ချက်အပေါ် ဟင်နရီက "ကျွန်တော် အမြဲပြောခဲ့သလိုပဲ ပင်နယ်တီကန်တဲ့သူတိုင်းကို လေးစားပါတယ်။ ဘာကြောင့် သူ ကန်ရတာလဲ နားမလည်ဘူး။ ၅ လုံးမြောက် ပင်နယ်တီကို ဘာကြောင့် သူ့ကို ကန်စေတာလဲ မသိပါဘူး။ ဒါပေမဲ့ သူ ကန်ခဲ့တယ်။ သူက တစ်ရာသီလုံး ကစားလာတာ။ ဒီညလည်း အရမ်းကောင်းခဲ့တယ်။ ဒါပေမဲ့ သူ ပင်နယ်တီ လွဲခဲ့တယ်။ ဒါပေမဲ့ သူ ပုန်းရှောင်မနေခဲ့ဘူး"လို့ ပြောကြားသွားပါတယ်။
ယင်းအချိန်တွင် အာတီတာဟာ ပင်နယ်တီကန်ကောင်းသူများဖြစ်ကြတဲ့ ဘူကာယိုဆာကာနှင့် ကိုင်ဟာဗတ်ဇ်တို့ကို လူစားလဲလှယ်မှု ပြုလုပ်ထားပြီး ဖြစ်ပါတယ်။
တဖက်တွင် ၅ လုံးမြောက်ပင်နယ်တီကန်နိုင်သူများအဖြစ် နိုနီမာဒူကီနှင့် မာတင်ဇူဘီမန်ဒီတို့ ရှိကြပါသေးတယ်။
ပွဲအပြီးမှာတော့ အာတီတာက "သူက ငါးလုံးမြောက်ပင်နယ်တီကို ကန်ချင်ခဲ့တယ်။ ကျွန်တော် အစကတည်းက ပင်နယ်တီ လေ့ကျင့်ပြီး ပြင်ဆင်ထားခဲ့ပြီးသားပါ။ ပုံမှန်ဆိုရင် ပင်နယ်တီကန်သူတွေက ဘူကာယို၊ မာတင်နဲ့ ကိုင်တို့ပါ။ ဒီကနေ့ အချိန်ပို ကစားရပြီး ပင်နယ်တီအထိ ရောက်သွားရင် ပင်နယ်တီကန်တဲ့သူတွေ ကွဲပြားလာမယ်ဆိုတာ သိထားနှင့်ပြီးသားပါ။ အီးဇီးဆို လေ့ကျင့်ခန်းအစီအစဉ်မှာ ပင်နယ်တီကန်ရင် တစ်လုံးမှ မလွဲဘူး။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာတော့ ကန်ရမှာပဲလေ။ ကံမကောင်းစွာပဲ ကျွန်တော်တို့ အရင်လို တိကျမှုနဲ့ ထိရောက်မှု မရှိခဲ့ဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့ မနိုင်ခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
ဘရာဇီးဗဟိုနောက်ခံလူဂါဘရီရယ်ဟာ အာဆင်နယ်အတွက် ပထမဆုံးအကြိမ် ပင်နယ်တီကန်ခဲ့တာ ဖြစ်ပြီး ယင်းပင်နယ်တီ လွဲလာခဲ့ကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အရေးနိမ့်သွားခဲ့တာလည်း ဖြစ်ပါတယ်။

image