5 ရက် - ဘာသာပြန်ပါ။

ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ် ၂ ကြိမ်ဆက် ဆွတ်ခူးပြီးနောက် ပဲရစ်တွင် ဆူပူသောင်းကျန်းမှုကြောင့် ပရိသတ် ၂၃၅ ဦးအထိ ဖမ်းဆီးခံရ
===================

ပီအက်စ်ဂျီက ဘူဒါပတ်တွင် အာဆင်နယ်ကို အနိုင်ရရှိကာ ချန်ပီယံလိဂ်ချန်ပီယံဘွဲ့အား ကာကွယ်နိုင်ခဲ့ပြီးနောက် ပဲရစ်မြို့လယ်ခေါင်တွင် ထောင်ပေါင်းများစွာသော ပရိသတ်တို့ ဆူပူသောင်းကျန်းမှု ပြုလုပ်ခဲ့မှုနှင့်အတူ အနည်းဆုံး ပရိသတ် ၂၃၅ ဦးတို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
ပီအက်စ်ဂျီဟာ ပွဲချိန်နှင့် အချိန်ပိုအတွင်း ၁ ဂိုးစီသရေကျပြီးနောက် ပင်နယ်တီအဆုံးအဖြတ်တွင် အာဆင်နယ်ကို အနိုင်ယူကာ ရီးရဲလ်မက်ဒရစ်ပြီးလျှင် ချန်ပီယံလိဂ်ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်တဲ့ ဒုတိယမြောက်ကလပ်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူလာနိုင်ခဲ့ပါတယ်။
တဖက်တွင် အာဆင်နယ်က ပွဲအစပိုင်းတွင် ကိုင်ဟာဗတ်ဇ်ရဲ့ ဂိုးဖြင့် ဦးဆောင်နိုင်ချိန်တွင် ပဲရစ်မှာ ပရိသတ်များ ဆူပူသောင်းကျန်းမှုများ စတင်ပြုလုပ်လာကြပါတယ်။
ပဲရစ်မြို့ရဲ့ Notre Dame Cathedral နှင့် Louvre ပြတိုက်ကြားရှိ ချာတီလက်ဧရိယာတွင် အဆိုးရွားဆုံး ဖြစ်ပျက်ခဲ့ပါတယ်။
မျက်မြင်တစ်ဦးက "အဆာင်နယ် ဦးဆောင်ဂိုးရသွားပြီးတဲ့နောက် ပြဿနာစတက်တော့တာပဲ။ ရဲတွေကို ထိုင်ခုံတေ၊ ပုလင်းတွေနဲ့ ပစ်ပေါက်ကြတယ်။ အဲဒီနောက် ရဲတွေလည်း ဖမ်းကြတော့တယ်"လို့ ပြောကြားသွားပါတယ်။
ပီအက်စ်ဂျီပရိသတ်အချို့တို့ဟာ ပဲရစ်ရှိ အကြီးမားဆုံးဖက်ရှင်ဆိုင်များရှိရာလမ်းများထဲမှ တစ်လမ်းဖြစ်တဲ့ Rue de Rivoli အနီး အဆောက်အဉီကို ငြမ်းများအား ကျော်တက်ကာ ထွက်ပြေးခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင်များကလည်း လိုက်ဖမ်းခဲ့ကြပါတယ်။
ပထမအပိုင်းအတွင်းတွင် ပဲရစ်မှာ ဆူပူမှုများ ဆက်လက် ဖြစ်ပွားခဲ့ပြီး ကာဖီဆိုင်အချို့တွင် တီဗွီကို ပိတ်တဲ့အထိ ဖြစ်လာပါတယ်။
ပီအက်စ်ဂျီဟာ ပထမပိုင်းမှာ ၁-၀ ဖြင့် ရှုံးနိမ့်နေခဲ့ပေမဲ့လည်း ဒုတိယပိုင်းမှာတော့ ဒမ်ဘီလီရဲ့ ပင်နယ်တီမှ တဆင့် ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ အီဇီးနှင့်ဂါဘရီရယ်တို့ ပင်နယ်တီ လွဲချော်မှုနှင့်အတူ ပီအက်စ်ဂျီတို့ အနိုင်ရသွားပါတော့တယ်။
ဒါပေမဲ့ ပဲရစ်မှာတော့ ပီအက်စ်ဂျီပရိသတ်များဟာ ပထမပိုင်းအတွင်းတွင်ပင် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
ပဲရစ်ရဲတပ်ဖွဲ့က ပဲရစ်တွင် ပရိသတ် ၂၃၅ ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ဆိုသွားပြီး ဆူပူသောင်းကျန်းမှုကြောင့် ကားများနှင့် စတိုးဆိုင်ရှေ့မျက်နှာစာများ ပျက်စီးသွားခဲ့ကြောင်း အတည်ပြုသွားပါတယ်။
ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြင်သစ်နိုင်ငံတလွှားတွင် ဖမ်းဆီးထိန်းသိမ်းခံရသူ ၃၂၆ ဦးအထိ ရှိကြောင်း အတည်ပြု ကြေညာသွားပါတယ်။
ပွဲပြီးဆုံးချိန်တွင် ထောင်ပေါင်းများစွာသော ပရိသတ်များဟာ ရဲတပ်ဖွဲ့ဝင်များရဲ့ တားဆီး စစ်ဆေးမှုများ ခံခဲရပါတယ်။
ရဲတပ်ဖွဲ့ဝင်များဟာ ပရိသတ်များထံမှ လက်နက်များ၊ မီးရှူးများ ထိန်းသိမ်းရယူခဲ့ကြပါတယ်။
စနေနေ့တုန်းက ပဲရစ်ရဲတပ်ဖွဲ့ဝင်ပေါင်း ၅၀၀၀ နီးပါးအထိ လုံခြုံရေးပေးခဲ့ရပါတယ်။
ဘောလုံးအကြမ်းဖက်မှုများမှာ ပြင်သစ်တလွှား တဖြည်းဖြည်းကြီးထွားလာတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပါတယ်။

image