ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဝုဗ်သို့ ပြောင်းရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိလာတဲ့ ထရစ်ပီယာ
===================
ဝုဗ်ဟာ အင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူဟောင်းကီရန်ထရစ်ပီယာကို ခေါ်ယူရေး နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် ၃၅ နှစ်ရှိ ထရစ်ပီယာဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် နယူးကာဆယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာသူ ဖြစ်ပြီး ဝုဗ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ၂ နှစ်စာချုပ်ဖြင့် ပြောင်းရန် နှုတ်အားဖြင့် အကြမ်းဖျင်းသဘောတူညီမှု ရရှိထားပြီ ဖြစ်ပါတယ်။
ထရစ်ပီယာဟာ နယူးကာဆယ်တွင် လေးနှစ်ကျော်ကြာ ကစားစဉ်အတွင်း ပွဲ ၁၆၀ ကစားကာ ၄ ဂိုးသွင်းခဲ့ပြီး ၁၉၅၅ ခုနှစ်နောက်ပိုင်း ပထမဆုံးပြည်တွင်းဖလားအဖြစ် ၂၀၂၅ ခုနှစ် ခါရာဘောင်ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၉ ခုနှစ်တုန်းက စပါးစ်နှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ခဲ့ဖူးသလို အက်သလက်တီကိုနှင့်အတူ ၂၀၂၀-၂၁ လာလီဂါဖလားလည်း ဆွတ်ခူးခဲ့ဖူးပါတယ်။
အင်္ဂလန်အတွက် ၅၄ ပွဲကစားထားတဲ့ ထရစ်ပီယာဟာ အင်္ဂလန်နှင့်အတူ ၂၀၁၈ ကမ္ဘာဖ့လားဆီမီးသို့ တက်ဖူးသလို ယူရို ၂၀၂၄ ဗိုလ်လုပွဲသို့လည်း တက်ခဲ့ဖူးကာ ၂၀၂၄ ခုနှစ်တွင် လက်ရွေးစင်ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
ဝုဗ်ဟာ ပရီးမီးယားလိဂ်တွင် အမှတ်ပေးဇယားကြမ်းခင်းတွင် ရပ်တည်ကာ တန်းဆင်းထားရပြီး ပရီးမီးယားလိဂ်သို့ တန်းပြန်တက်ရေး အတွေ့အကြုံရင့်ကျက်တဲ့ ကစားသမားများ ခေါ်ယူအားဖြည့်လိုနေပါတယ်။