2 ရက် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ဝင်ခွင့် ရရှိပြီးနောက် ကိုမိုတွင် ဆက်ရှိနေမယ်လို့ ဖာဘရီဂက်စ် အတည်ပြုလာ
====================

ဆက်စ်ဖာဘရီဂက်စ်က ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ကိုမိုတွင်ပင် ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
အာဆင်နယ်နှင့် ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဟာ ကိုမိုတွင် အံ့ဩစရာကောင်းတဲ့ နည်းပြဘဝ ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ကလပ်ကို ကာလတိုအတွင်းတွင် ထိပ်သီးကလပ်တစ်ခုဖြစ်အောင် ပြောင်းလဲ တည်ဆောက်ထားနိုင်ပါတယ်။
စီးရီးအေထိပ်ဆုံး ၄ သင်းစာရင်းဝင်ကာ ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အထိမ်းအမှတ်အဖြစ် ကိုမိုအသင်းဟာ အမိုးဖွင့်ဘတ်စ်ကားဖြင့် လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။
ကိုမိုရဲ့ ရှယ်ယာရှင်တစ်ဦးလည်း ဖြစ်တဲ့ ဖာဘရီဂက်စ်က "အနာဂတ်လား။ နေ့လည် ၂ နာရီမှာ ဥက္ကဌ၊ ဒါရိုက်တာတို့နဲ့ အကြာကြီး တွေ့ဆုံစကားပြောခဲ့တယ်။ ကျွန်တော်တို့မှာ လာမဲ့ရာသီအတွက် အမြင်ရှိထားပြီးသားပါ။ ခင်ဗျားတို့ သိတဲ့အတိုင်း ဒီမှာ ပျော်တယ်။ ခြေလှမ်းတစ်ချက် နှစ်ချက် မှားသွားခဲ့တယ်။ အများကြီး သင်ယူခဲ့ရတယ်။ စိတ်ဓာတ်တစ်ခုကို ကျွန်တော်တို့ ဖန်တီးနေတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ဖာဘရီဂက်စ်က ကလပ်ရဲ့အရေးအပါဆုံးကစားသမားဖြစ်တဲ့ နီကိုပက်ဇ်ကို လာမဲ့ရာသီအထိ အသင်းတွင် ဆက်ထိန်းထားနိုင်ရေးက ကလပ်အတွက် အရေးကြီးတဲ့အရာတစ်ခု ဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ နီကိုပက်ဇ်ကို ကိုမိုသို့ ယူရို ၆ သန်းတည်းဖြင့် ရောင်းချတုန်းက ပြန်လည် ခေါ်ယူနိုင်မဲ့အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။
တဖက်တွင် စီးရီးအေချန်ပီယံ အင်တာမီလန်ကလည်း ခေါ်ယူရေး ကြိးပမ်းနေပါတယ်။
ဒါပေမဲ့ ဖာဘရီဂက်စ်က "ပက်ဇ်က အင်တာအတွက် ကစားလာမှာ မဟုတ်သလို ရီးရဲလ်မက်ဒရစ်အတွက်လည်း ကစားလာမှာ မဟုတ်ပါဘူး။ လာမဲ့ရာသီမှာ ကိုမိုအတွက်ပဲ ကစားလာပါမယ်"လို့ ပြောကြားသွားပါတယ်။

image