နိုင်ငံတကာစူပါစတား ၂ ဦးအား ဘာနေဗျူးသို့ ခေါ်ဆောင်ရန် စာချုပ်ချုပ်ဆိုထားပြီးပြီဟု ရီးရဲလ်မက်ဒရစ်ဥက္ကဌရာထူးအတွက် ပီရက်ဇ်ကို စိန်ခေါ်လာသူ အတည်ပြုလာ
==================
ရီးရဲလ်မက်ဒရစ်ဥက္ကဌရာထူးအတွက် ဖလော်ရင်တီနိုပီရက်ဇ်အား စိန်ခေါ်လာမဲ့ စပိန်စီးပွားရေးလုပ်ငန်းရှင်အန်းနရစ်ရီကွယ်မီးက ရီးရဲလ်မက်ဒရစ်ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံလာရပါက ဘာနေဗျူးသို့ နိုင်ငံတကာစူပါစတား ၂ ဦးအား ခေါ်ဆောင်လာမယ်လို့ ကြေညာလာပါတယ်။
စပိန်နေ့စဉ်သတင်းစာ ABC နှင့် အင်တာဗျူးတွင် ရီကွယ်မီးက "နိုင်ငံတကာစတား နှစ်ဦးနဲ့ လက်မှတ်ထိုးထားပြီးပါပြီ"လို့ ပြောကြားလာတာပါ။
ဆက်လက်ပြီး ၎င်းက "ကျွန်တော်သာ ဥက္ကဌဖြစ်လာရင် ရီးရဲလ်မက်ဒရစ်အတွက် ကစားဖို့ နိုင်ငံတကာစတား ၂ ဦးနှင့် သဘောတူညီမှု ရထားပြီးပါပြီ။ စတားနှစ်ဦးက ရေတို၊ ရေလတ်၊ ရေရှည်အားကစားစီမံကိန်းအတွက် မရှိမဖြစ်တွေ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ရီကွယ်မီဟာ ယင်းစတား ၂ ဦးတို့ရဲ့အမည်ကို ပြောကြားရန် ငြင်းဆိုသွားပါတယ်။
သို့ပေမဲ့ ရီကွယ်မီက လာမဲ့ နှစ်ပတ်အတွင်းတွင် ယင်းစတားနှစ်ဦးရဲ့အမည်ကို ကြေညာလာနိုင်ကြောင်း ဆိုသွားပါတယ်။
တဖက်တွင် ရီကွယ်မီဟာ လက်ရှိ ရီးရဲလ်မက်ဒရစ်မှာ DNA ပျောက်ဆုံးနေတယ်ဆိုပြီး အသင်းအား ဦးဆောင်နေသူများကို ဝေဖန်သွားပါတယ်။
ဒါ့အပြင် ရီကွယ်မီးက မော်ရင်ဟိုအား ခန့်အပ်ရေး လုပ်နေမှုမှာ ရေတိုစီမံကိန်းမျှသာ ဖြစ်ပြီး ကလပ်အနေဖြင့် ရေရှည်စီမံကိန်းဖြင့် နည်းပြသစ် ခန့်အပ်ရမှာ ဖြစ်ကြောင်း၊ ကစားသမားဟောင်းအလွန်ဆိုအား ထုတ်ပယ်လိုက်မှုမှာ အလွန်မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
၎င်းက "အလွန်ဆိုနဲ့ ပုဂ္ဂိုလ်ရေးအရ မသိပါဘူး။ ဒါပေမဲ့ သူက တကယ့်ပရော်ဖက်ရှင်နယ်ကောင်းတစ်ဦးပါ။ ကစားသမားတစ်ယောက်အနေနဲ့ ဂန္ထဝင်တစ်ယောက်အနေနဲ့ရော လေဗာကူဆင်နည်းပြအဖြစ်ရော သမိုင်းဝင်အောင်မြင်မှု ရခဲ့တဲ့သူလို့ ကျွန်တော် မြင်တယ်။ သူ့ကို ခေါ်ဆောင်လာခဲ့တာ မှန်တယ်။ ထုတ်လိုက်တာ မှားတယ်။ စီမံကိန်းတစ်ခုကို သုံးလတည်းနဲ့ အကောင်အထည် မဖော်နိုင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
အစောပိုင်းတုန်းက ထွက်ပေါ်ခဲ့တဲ့သတင်းများအရ ရီကွယ်မီဟာ မန်စီးတီးမှ နော်ဝေတိုက်စစ်မှူးအာလင်းဟာလန်းနှင့် လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်တို့အား ဘာနေဗျူးသို့ ခေါ်ဆောင်ရန် လုပ်ဆောင်ထားကြောင်း သိရပါတယ်။