ကိုမိုအား ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဦးဆောင်လာတဲ့ ဖာဘရီဂက်စ်
=====================
ဆက်စ်ဖာဘရီဂက်စ်ဟာ စီးရီးအေရာသီသိမ်းပွဲတွင် ကိုမိုအား ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ဦးဆောင်ပေးလာနိုင်ခဲ့ပါတယ်။
အာဆင်နယ်နှင့် ချဲလ်ဆီးကွင်းလယ်ကစားသမားဟောင်းဦးဆောင်တဲ့ ကိုမိုဟာ ရာသီသိမ်းပွဲတွင် ခရီမိုနက်စ်အား ၄-၁ ဖြင့် အနိုင်ယူကာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် ကူညီလာတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အင်္ဂလန်တိုက်စစ်မှူးဟောင်းဂျေမီဗာဒီကစားနေတဲ့ ခရီမိုနက်စ်ကတော့ စီးရီးအေတွင် တစ်ရာသီသာ ကျင်လည်ခဲ့ရကာ စီးရီးဘီသို့ တန်းပြန်ဆင်းလာရပြီ ဖြစ်ပါတယ်။
ခရီမိုနက်စ်ဟာ စီးရီးအေ ၃၈ ပွဲတွင် နိုင်ပွဲ ၈ ပွဲတည်းသာ ရရှိကာ တန်းဆင်းခဲ့ရတာပါ။ ဂျေမီဗာဒီမှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက လက်စတာ တန်းဆင်းသွားရပြီးနောက် ထွက်ခွာကာ ခရီမိုနက်စ်သို့ ပြောင်းလာပြီးတဲ့နောက် နှစ်ရာသီဆက် တန်းဆင်းရတဲ့ အတွေ့အကြုံပိုင်ဆိုင်သွားခဲ့ပါတယ်။
ဖာဘရီဂက်စ်ဦးဆောင်တဲ့ ကိုမိုကတော့ စီးရီးအေထိပ်သီး ဂျူဗင်တပ်နှင့် အေစီမီလန်တို့အား ကျော်ဖြတ်ကာ အဆင့် ၄ နေရာမှာ ရပ်တည်ပြီး ချန်ပီယံ အင်တာမီလန်၊ နာပိုလီ၊ ရိုးမားတို့နှင့်အတူ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာပါတယ်။
အေစီမီလန်နှင့် ဂျူဗင်တပ်တို့က ယူရိုပါလိဂ်ဝင်ခွင့်သာ ရရှိလာကြပြီး အတ္တလန္တာက ကွန်ဖရင့်လိဂ်ဝင်ခွင့် ရရှိလာပါတယ်။