ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအား ထပ်မံ ဆွတ်ခူးကာ အလန်ရှီးယား၊ ဟယ်ရီကိန်းတို့ရဲ့စံချိန်ကို လိုက်မီလာတဲ့ အာလင်းဟာလန်း
====================
အာလင်းဟာလန်းဟာ ပရီးမီးယားလိဂ် ၄ ရာသီအတွင်း ၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအား ဆွတ်ခူးလာပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ အီတီဟတ်တွင် ဗီလာကို ၂-၁ ဖြင့် အရေးနိမ့်တဲ့ ဂွါဒီယိုလာရဲ့ မန်စီးတီးနောက်ဆုံးပွဲအား လွဲချော်လာခဲ့ပေမဲ့လည်း ပရီးမီးယားလိဂ်ဂိုး ၂၇ ဂိုးဖြင့် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအား ဆွတ်ခူးလာပါတယ်။
သူဟာ ပရီးမီးယားလိဂ် ၃၅ ပွဲတွင် ၂၇ ဂိုးသွင်းယူကာ တတိယအကြိမ်မြောက် ရွှေဖိနပ်ဆုအား ဆွတ်ခူးလာတာ ဖြစ်ပြီး အလန်ရှီးယား၊ ဟယ်ရီကိန်းတို့ရဲ့ စံချိန်ကို လိုက်မီလာပြီလည်း ဖြစ်ပါတယ်။
အာလင်းဟာလန်းဟာ ဘရန့်ဖို့ဒ်ရဲ့ ဘရာဇီးတိုက်စစ်မှူးအိုင်ဂေါ်တီယာဂိုးအား ၅ ဂိုးဖြတ်ကာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ဆွတ်ခူးလာတာပါ။
အာလင်းဟာလန်းဟာ ၃ ကြိမ်မြောက် ရွှေဖိနပ်ဆုအား ဆွတ်ခူးလာမှုနှင့်အတူ သီယာရီဟင်နရီ၊ မိုဟာမက်ဆာလက်တို့ရဲ့ စံချိန်တင် ရွှေဖိနပ်ဆု ဆွတ်ခူးထားမှုစံချိန်အား လိုက်မီရန် ၁ ကြိမ်တည်းသာ လိုပါတော့တယ်။
သူဟာ ယခုရာသီတွင် မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ် ၅၂ ပွဲတွင် ၃၈ ဂိုးသွင်းယူကာ ပြည်တွင်းရှုံးထွက်ဖလား ၂ လုံး ဆွတ်ခူးနိုင်အောင် ကူညီပေးထားနိုင်ပါတယ်။
သူဟာ ယခင် ၂၀၂၂-၂၃ ရာသီတုန်းက စံချိန်တင် ၃၅ ဂိုးဖြင့် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုအား ပထမဆုံးအကြိမ် ဆွတ်ခူးပြီးနောက် ၂၀၂၃-၂၄ ရာသီတွင် ၂၇ ဂိုးဖြင့် ဒုတိယအကြိမ် ဆွတ်ခူးခဲ့ပါတယ်။