နာပိုလီနည်းပြရာထူးမှ အန်တိုနီယိုကွန်တီ ထွက်ခွာလာ
====================
အန်တိုနီယိုကွန်တီက နာပိုလီနည်းပြရာထူးမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာလာပါတယ်။ ချဲလ်ဆီးနှင့် စပါးစ်နည်းပြဟောင်းဟာ နာပိုလီကို စီးရီးအေချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြီး ၁၂ လအကြာတွင်ပင် ထွက်ခွာလာမှာလည်း ဖြစ်ပါတယ်။
ဂျူဗင်တပ်နှင့် အင်တာမီလန်နည်းပြဟောင်းဟာ ၂၀၂၄ ခုနှစ်တွင် နာပိုလီအား ကိုင်တွယ်ပြီးနောက် ပထမဆုံးရာသီတွင် ကလပ်သမိုင်းတွင် စတုတ္ထအကြိမ်မြောက် စီးရီးအေဖလား ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယခုရာသီမှာတော့ နာပိုလီဟာ ချန်ပီယံ အင်တာမီလန်နှင့် ရမှတ် ၁၁ မှတ်အကွာ အဆင့် ၂ နေရာဖြင့်သာ အဆုံးသတ်ခဲ့ပါတယ်။
ကွန်တီဦးဆောင်တဲ့ နာပိုလီဟာ ချန်ပီယံလိဂ်တွင်လည်း ရုန်းကန်ခဲ့ရကာ ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
တနင်္ဂနွေနေ့ညတုန်းက စီးရီးအေရာသီသိမ်းပွဲအပြီးမှာတော့ ကွန်တီက နာပိုလီမှ ထွက်ခွာလာတော့မယ်လို့ အတည်ပြုလာပါတယ်။
ကွန်တီက "နာပိုလီကို ကိုင်တွယ်ခွင့်ရတာ ဂုဏ်ယူပါတယ်။ တကယ့်ကို အခွင့်အရေးကြီး ဖြစ်ပါတယ်။ ကြီးကျယ်တဲ့ရာသီနှစ်ခု ပိုင်ဆိုင်ခဲ့တယ်။ တကယ့်ကို ရှားပါးတဲ့အတွေ့အကြုံ ဖြစ်ပါတယ်။ ဒါက ကျွန်တော့် ဆုံးဖြတ်ချက်ပါ။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကတည်းက ဥက္ကဌကို ပြောထားခဲ့ပြီးသားပါ။ နာပိုလီက အမြဲတမ်း ကျွန်တော့်အိမ် ဖြစ်နေပါမယ်"လို့ ပြောကြားသွားပါတယ်။
ကွန်တီဟာ နာပိုလီနည်းပြရာထူးမှ ထွက်ခွာလာမှုနှင့်အတူ လစ်လပ်နေတဲ့ အီတလီနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
အီတလီနည်းပြရာထူးကို ပြန်လည်ရယူလာမလားလို့ မေးမြန်းလာချိန်မှာတော့ ကွန်တီက "ဂွါဒီယိုလာကိုပဲ ခန့်လို့ အကြံပေးချင်တယ်"လို့ ပြောကြားသွားပါတယ်။