ယူရိုပါလိဂ်ချန်ပီယံအောင်ပွဲခံမှုကြောင့် မန်စီးတီးနှင့် ရာသီသိမ်းပွဲအတွက် ပွဲထွက်ကစားသမား ရွေးချယ်ရန် ခက်ခဲကြောင်း အမ်မရီဝန်ခံလာ
====================
အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက မန်စီးတီးနှင့် ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်အတွက် ပွဲထွက်ကစားသမား ၁၁ ဦးအား ရွေးချယ်ရန် ခက်ခဲနေကြောင်း ဝန်ခံ ပြောကြားလာပါတယ်။
အက်စတွန်ဗီလာဟာ ကြားရက်တုန်းက အစ္စတန်ဘူလ်တွင် ယူရိုပါလိဂ်ဖလား ဆွတ်ခူးပြီးနောက် အမိုးဖွင့်ဘတ်စ်ကားဖြင့် အောင်ပွဲခံခဲ့ပါတယ်။
၎င်းတို့ဟာ ယနေ့ တနင်္ဂနွေနေ့တွင် မန်ချက်စတာသို့ သွားရောက်ပြီး အီတီဟတ်ကွင်းတွင် ဂွါဒီယိုလာရဲ့ မန်စီးတီးနောက်ဆုံးပွဲအဖြစ် ရင်ဆိုင်ကစားလာရပါမယ်။
ဗီလာကစားသမားများဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး သေချာသွားပြီဖြစ်တဲ့အပြင် ယူရိုပါလိဂ်ဗိုလ်လုပွဲကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေကာ နည်းပြအူနိုင်းအမ်မရီမှာ အီတီဟတ်ပွဲစဉ်အတွက် ကစားသမားရွေးချယ်ရေး ခက်ခဲနေတာလည်း ဖြစ်ပါတယ်။
အမ်မရီက "အလေးအနက်ထားပြီး ကြိုးစားသွားမယ်။ အကောင်းဆုံး ၁၁ ဦးနဲ့ ပွဲထုတ်နိုင်ဖို့ ကြိုးစားသွားမယ်။ ဒီပြိုင်ပွဲကို တလေးတစားနဲ့ အာရုံစိုက်သွားမယ်။ ဒါပေမဲ့ မလွယ်ကူပါဘူး။ စိတ်မကောင်းပါဘူး။ လွယ်ကူမနေပါဘူး"လို့ ပြောကြားသွားပါတယ်။
ဗီလာရဲ့ အီတီဟတ်ပွဲစဉ်မှာ ဂွါဒီယိုလာရဲ့ မန်စီးတီးနောက်ဆုံးပွဲလည်း ဖြစ်လာပါမယ်။ မန်စီးတီးကို ၁၀ နှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ ဂွါဒီယိုလာဟာ ဗီလာပွဲအပြီးတွင် မန်စီးတီးနည်းပြရာထူးမှ ထွက်ခွာလာပါမယ်။
ဗီလာဟာ ယူရိုပါဂ်ချန်ပီယံဖြစ်ထားတဲ့အပြင် မန်စီးတီးအား ရှုံးနိမ့်လာပါကလည်း အနိမ့်ဆုံးအဆင့် ၅ နေရာမှာ ရပ်တည်လာမှာ ဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်ရထားပြီး ဖြစ်ပါတယ်။
အဆင့် ၄ နေရာတွင် ရပ်တည်လာတဲ့ ဗီလာဟာ မန်စီးတီးကို ရှုံးနိမ့်ပြီး လီဗာပူးတို့ ဘရန့်ဖို့ဒ်အား အနိုင်ရလာပါက အဆင့် ၅ နေရာသို့ ဆင်းပေးရပါမယ်။
တကယ်လို့ ယင်းအတိုင်းသာ ဖြစ်လာပါက ဘုန်းမောက်မှာ နော်တင်ဟမ်ဖောရက်စ်အား အနိုင်ရရှိလာပါက အဆင့် ၆ နေရာဖြင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာပါမယ်။