1 ပတ် - ဘာသာပြန်ပါ။

လာမဲ့အပတ်တွင် အနာဂတ်ကို ဖူလ်ဟမ်နည်းပြဆေးလ်ဗား ဆုံးဖြတ်လာမည်
=================

ဖူလ်ဟမ်နည်းပြမာကိုဆေးလ်ဗားက လာမဲ့အပတ်တွင် သူ့အနာဂတ်ကို ဆုံးဖြတ်လာမယ်လို့ ကတိပြုလာပါတယ်။
အသက် ၄၈ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ ဇွန်လအကုန်တွင် ဖူလ်ဟမ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ကလပ်ရဲ့ ၃ နှစ်စာချုပ်သစ်ကမ်းလှမ်းခြင်းခံထားရပါတယ်။
၂၀၂၁ ခုနှစ်ကတည်းက ဖူလ်ဟမ်ကို ကိုင်တွယ်လာခဲ့တဲ့ ဆေးလ်ဗားဟာ အစောပိုင်းတုန်းက ချဲလ်ဆီးနည်းပြရာထူးအတွက် သတင်းထွက်ခဲ့ပေမဲ့ အလွန်ဆိုအား ခန့်အပ်သွားပြီဖြစ်ပါတယ်။
တဖက်တွင် သူဟာ ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ရန် ထွက်ခွာလာမဲ့ ဂျိုဆေးမော်ရင်ဟိုရဲ့ ဘင်ဖီကာနည်းပြရာထူးအတွက်လည်း ရေပန်းစားနေပါတယ်။
ဖူလ်ဟမ်ဟာ တနင်္ဂနွေနေ့တွင် ရာသီသိမ်းပွဲအဖြစ် နယူးကာဆယ်နှင့် ရင်ဆိုင်ကစားရပါမယ်။
မာကိုဆေးလ်ဗားက "ဒီကိစ္စကို ဘာလို့ ခင်ဗျားတို့(မီဒီယာ) အရေးတကြီး ပြောနေရသလဲဆိုတာ နားလည်ပါတယ်။ ကျွန်တော်တို့ကလည်း စာချုပ်သက်တမ်းကုန်ဆုံးတဲ့ အချိန်ရောက်နေတယ်။ ကလပ်ကိုလည်း စကားပြောထားသလို ကလပ်ကလည်း ကျွန်တော်တို့ကို စကားပြောနေပါတယ်။ ကျွန်တော်တို့ လာမဲ့အပတ်မှာ ကလပ်တစ်ခုအနေနဲ့ ဆုံးဖြတ်ချက်ချလာပါမယ်။ ကျွန်တော့်အတွက် ကမ်းလှမ်းမှု တစ်ခု ရထားပါတယ်။ ကျွန်တော့်အေးဂျင့် ကလပ်နဲ့ စကားပြောနေတာကိုလည်း နားလည်ပါတယ်။ ဒါပေမဲ့ ကမ်းလှမ်းမှုရထားတာ တော်တော်ကြာပါပြီ။ ကျွန်တော်တို့လည်း ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးလာခဲ့တာပါ။ အဲဒီကလပ်က ဖူလ်ဟမ်ပါ"လို့ ပြောကြားသွားပါတယ်။
မာကိုဆေးလ်ဗားဟာ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ချန်ပီယံရှစ်တွင် ကျင်လည်နေတဲ့ ဖူလ်ဟမ်ကို စတင်ကိုင်တွယ်ပြီးနောက် ပထမဆုံးရာသီတွင်ပင် ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
ယင်းနောက်မှာတော့ မာကိုဆေးလ်ဗားဟာ ဖူလ်ဟမ်ကို ပရီးမီးယားလိဂ်တွင် အဆင့် ၁၀၊ ၁၃ နှင့် အဆင့် ၁၁ နေရာတို့မှာ သက်တောင့်သက်သာဖြင့် ရပ်တည်နိုင်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။
လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၃ နေရာတွင် ရပ်တည်နေတဲ့ ဖူလ်ဟမ်ဟာ ရာသီသိမ်းပွဲအဖြစ် နယူးကာဆယ်အား အိမ်ကွင်းမှာ ဧည့်ခံကစားရပါမယ်။

image