နိုက်စ်အား အနိုင်ယူကာ ကလပ်သက်တမ်း ၁၂၀ အတွင်း ပထမဆုံး Coupe de France ဖလားကို လန်းစ် ဆွတ်ခူးလာ
=====================
လန်းစ်ဟာ နိုက်စ်ကို အနိုင်ယူပြီး ကလပ်သက်တမ်း ၁၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် Coupe de France ဖလားအား ဆွတ်ခူးလာပါတယ်။
လန်းစ်ဟာ ပွဲချိန် ၂၅ မိနစ်နဲ့ ၄၂ မိနစ်တို့မှာ သူဗန်၊ အက်ဝတ်တို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပြီးနောက် ပထမပိုင်းပြီးခါနီး ၄၅+၃ မိနစ်မှာ ကူလီဘာလီရဲ့ ဂိုးဖြင့် ချေပဂိုးပေးခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ ဆီမာက အနိုင်သေချာစေမဲ့ တတိယဂိုးသွင်းခဲ့လို့ ၃-၁ ဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။
နိုက်စ်ဟာ ဒုတိယပိုင်းမှာ ဖန်တီးမှုပိုင်း အရမ်းကောင်းမွန်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမဲ့ တိုင် ၂ ကြိမ်ထိသွားမှုအပါအဝင် အဆုံးအသတ် မကောင်းမွန်လို့ ဂိုးတွေ မရခဲ့တာလည်း ဖြစ်ပါတယ်။
လန်းစ်ဟာ ၁၉၉၉ ခုနှစ်တုန်းက လိဂ်ဖလား ဆွတ်ခူးပြီးတဲ့နောက် ပထမဆုံးဆုဖလားဆွတ်ခူးနိုင်ခဲ့တာပါ။
လန်းစ်ဟာ ယခုရာသီမှာ ချန်ပီယံ ပီအက်စ်ဂျီနှင့် ၆ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်ထားနိုင်တဲ့အသင်းလည်း ဖြစ်ပါတယ်။
ပြင်သစ်ချန်ပီယံ ၄ ကြိမ်ဖြစ်ဖူးတဲ့ နိုက်စ်ဟာ ၁၉၉၇ ခုနှစ်တုန်းက ပြင်သစ်ဖလားဆွတ်ခူးပြီးတဲ့နောက် နောက်ပိုင်း ဆုဖလားလက်မဲ့ ဖြစ်လာတဲ့အသင်းလည်း ဖြစ်ပါတယ်။
နိုက်စ်အသင်းကို ယူနိုက်တက်ပူးတွဲပိုင်ရှင် ဆာဂျမ်ရက်ကလစ်ဖ်က ပိုင်ဆိုင်တာ ဖြစ်ပြီး လီဂူး ၁ မှာ တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာ &အဆင့် ၁၆ နေရာမှာပဲ ရပ်တည်နိုင်ခဲ့ပါတယ်။