3 ရက် - ဘာသာပြန်ပါ။

မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ပဉ္စမအကြိမ် မူဝါဒရေးရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများ အ မြင်ချင်းဖလှယ် ဆွေးနွေး
ပဉ္စမအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာ ညှိနှိုင်းအစည်းအဝေးကို မေ ၁၈ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးကို မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လီယို အမ် ဟာရီရာ လင်းမ်တို့ ဦးဆောင်ကျင်းပခဲ့ပြီး နှစ်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပိုမိုခိုင်မာလာစေရေး၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေသည့် အခြေအနေများကိုလည်း အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအနက် အရှေ့အလယ်ပိုင်း ပဋိပက္ခနှင့် ဒေသတွင်းအပေါ် သက်ရောက်မှုများအပါအဝင် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် အခြားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးအပြီးတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက တည်ခင်းဧည့်ခံသည့် အလုပ်သဘောနေ့လယ်စာစားပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာသံရုံးသို့ သွားရောက်ကာ သံရုံးဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။

image