ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ ဆိုးရွားတဲ့ ဒဏ်ရာရခဲ့ပေမဲ့ ပွဲချိန်ပြည့်ကစားသွားတဲ့ ဗီလာဂိုးသမားမာတီနက်ဇ်
==================
ဗီလာဂိုးသမားအီမီမာတီနက်ဇ်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမတိုင်မီ သွေးပူလေ့ကျင့်ခန်းအစီအစဉ်တွင် ဆိုးရွားတဲ့ ဒဏ်ရာရရှိခဲ့ပေမဲ့ ပွဲချိန်ပြည့်ကစားသွားခဲ့ပါတယ်။
အာဂျင်တီးနားဂိုးသမားဟာ ပွဲမတိုင်မီ မိနစ်အနည်းငယ်အလိုတွင် လက်ချောင်းရိုးကျိုး ဒဏ်ရာရရှိခဲ့ပေမဲ့လည်း အသင်းအား ဆုဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
သူဟာ ပွဲပြီးချိန်တွင် ပွဲကြည့်စင်သို့ သွားကာ ပရိသတ်များနှင့်အတူ အောင်ပွဲခံခဲ့ပါသေးတယ်။
မာတီနက်ဇ်က "ဒီကနေ့ သွေးပူလေ့ကျင့်ခန်းအစီအစဉ်မှာ ကိုယ့်လက်ချောင်းကို ကိုယ်ချိုးမိသွားတယ်။ ကျွန်တော့်အတွက် အဆိုးတိုင်းက ကောင်းမွန်တာတွေ ယူဆောင်လာတတ်တယ်။ တစ်ဘဝလုံး ဒီလို ဖြစ်လာခဲ့တာ။ ဆက်ပြီးတော့ လုပ်သွားဦးမယ်။ ဘာလို့ စိုးရိမ်နေရမှာလဲ။ အရင်တုန်းကတော့ တခါမှ လက်ချောင်း မကျိုးခဲ့ဖူးဘူး။ ဘောလုံးဖမ်းတိုင်း အခြားလမ်းကြောင်း ရောက်သွားတာပဲ။ ဒါပေမဲ့ ကိုယ်ဖြတ်သန်းရမဲ့အရာတွေ ရှိနေတယ်။ ဗီလာကို ကာကွယ်ခွင့်ရလို့ ဂဏ်ယူတယ်"လို့ ပြောကြားသွားပါတယ်။
ဗီလာဟာ ဖရိုင်းဘတ်ကို ယူရီတီလီမန်း၊ အီမီဘူအန်ဒီယာ၊ မော်ဂန်ရိုဂျာတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃-၀ ဖြင့်အနိုင်ရရှိကာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဆုဖလား ဆွတ်ခူးလာပါတယ်။
ဗီလာဟာ ၄၄ နှစ်အတွင်း ပထမဆုံးဥရောပဖလား ရရှိလာသလို အူနိုင်းအမ်မရီမှာလည်း ယူရိုပါလိဂ်စပါယ်ရှယ်လစ်ဂုဏ်ပုဒ်ကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မာတီနက်ဇ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပါအဝင် ဗိုလ်လုပွဲ ၇ ကြိမ်လုံး အနိုင်ရတဲ့ မှတ်တမ်းအား ဆက်ထိန်းသွားပါတယ်။