တောင်ကိုရီးယားတွင် နိုင်ပွဲရယူပြီး ဗိုလ်လုပွဲသို့ တက်လာတဲ့ မြောက်ကိုရီးယားအသင်း
======================

မြောက်ကိုရီးယားဘောလုံးအသင်းတစ်သင်းဟာ တောင်ကိုရီးယားတွင် ပြိုင်ဘက်ကို အနိုင်ယူပြီး အာရှအမျိုးသမီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်လာပါတယ်။
Naegohyang ဟာ တောင်ကိုရီးယားကလပ် ဆူဝန်ကို ၂-၁ ဖြင့် အနိုင်ယူကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်လာတာပါ။
ဒီပွဲက မြောက်ကိုရီးယားမှ အားကစားသမားတွေ ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားမှာ ခြေချ ယှဉ်ပြိုင်လာတဲ့ပွဲလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားကလပ်ဟာ ဒုတိယပိုင်းတွင် ချိုကွမ်အုတ်နှင် ကင်ကျုံးယောင်တို့ရဲ့ သွင်းဂိုးတွေနဲ့ ဆူဝန်ကို အနိုင်ယူလာတာပါ။
ဆူဝန်ဟာ ဟာရူဟီဆူဇူကီးရဲ့ ၄၉ မိနစ်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုးနဲ့ အနိုင်ဂိုး ပြန်ပေးလိုက်ရတာလည်း ဖြစ်ပါတယ်။
ဆူဝန်ဟာ ပွဲနှောင်းပိုင်းမှာ ပင်နယ်တီ ရရှိခဲ့ပေမဲ့လည်း ချဲလ်ဆီးအသင်းခေါင်းဆောင်ဟောင်းဂျီဆိုယန်ရဲ့ ကန်ချက် လွဲချော်သွားလို့ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။
မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ပြုံချမ်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့ သမိုင်းတွင် ပထမဆုံးဖွဲ့စည်းလိုက်တဲ့ ရေခဲပြင်ဟော်ကီအသင်းအား စေလွှတ်ယှဉ်ပြိုင်စေပြီးနောက်ပိုင်း တောင်ကိုရီးယားသို့ အားကစားသမားစေလွှတ်ခဲ့ဖူးခြင်း မရှိပါဘူး။
ဗုဒ္ဓဟူးနေ့တုန်းက ပွဲစဉ်ကို မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် ပရိသတ်များ လာရောက်ကြည့်ရှုခဲ့ခြင်း မရှိဘဲ အိမ်ရှင်ပရိသတ်များသာ ကြည့်ခဲ့တာပါ။
မြောက်ကိုရီးယားအသင်းမှ ကစားသမား ၂၇ ဦးတို့နှင့် နည်းပြအဖွဲ့ဝင် ၁၂ ဦးတို့ဟာ တောင်ကိုရီးယားတွင် ဆက်နေထိုင်သွားမှာ ဖြစ်ပြီး လာမဲ့ စနေနေ့မှာ ဗိုလ်လုပွဲအဖြစ် ဂျပန်ကလပ် တိုကျိုဗာဒီဘီလီဇာနှင့် ရင်ဆိုင်ကစားရပါမယ်။

image