နွေရာသီနဲ့ အလိုက်ဖက်ဆုံး "သရက်သီး အုန်းနို့သာကူ" လုပ်နည်း
သရက်သီးမှည့်မွှေးမွှေးလေးနဲ့ အုန်းနို့သာကူရဲ့ ဆိမ့်အိနေတဲ့ အရသာတို့ ပေါင်းစပ်ထားတဲ့ သရက်သီးအုန်းနို့သာကူ လုပ်နည်းလေးပါ။ လုပ်ရတာ လွယ်ကူပြီး စားလိုက်ရင် ရင်အေးသွားစေမယ့် မုန့်လေးမို့ မျှဝေပေးလိုက်ပါတယ်ရှင်။

🛒 ပါဝင်ပစ္စည်းများ
သာကူစေ့ (အစိမ်းရောင်) - ၄၀၀ ဂရမ်

သရက်သီးမှည့် - ၁ လုံး (လက်မဝက်အရွယ် အတုံးလေးများ တုံးထားပါ)

အုန်းနို့နှစ် - ၃၂၀ ဂရမ်

အုန်းနို့ရည် - ၁ လုံးစာ (အုန်းသီးမှ ညှစ်ထားပါ)

သကြား - ၇၀၀ ဂရမ်

ဆား - လက်ဖက်ရည်ဇွန်း ၃ ပုံ ၁ ပုံ

ဆွမ်းမွှေးရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အနံ့အတွက် - ထည့်ချင်မှထည့်ပါ)

ရေ - ၂ လီတာခန့်

👩‍🍳 ပြုလုပ်ပုံအဆင့်ဆင့်
၁။ သာကူကျိုခြင်း

အိုးထဲတွင် ရေ (၂ လီတာ) ကို ပွက်ပွက်ဆူအောင် တည်ပါ။

ရေဆူလျှင် သာကူစေ့များထည့်ပြီး အိုးမကပ်စေရန်နှင့် သာကူစေ့မပြဲစေရန် အဆက်မပြတ် မွှေပေးပါ။

၂။ အရသာဖြည့်စွက်ခြင်း

သာကူစေ့အလယ်က အဖြူဆံလေးတွေ ပျောက်ခါနီးတွင် ဆားနှင့် သကြားများ ထည့်ပါ။

သာကူအဖြူဆံ လုံးဝမရှိတော့လျှင် ဆွမ်းမွှေးရည်၊ အုန်းနို့ရည်နှင့် အုန်းနို့နှစ်များ ထည့်ပြီး သမအောင် ရောမွှေပါ။

၃။ တည်ခင်းဧည့်ခံခြင်း

အားလုံးအဆင်သင့်ဖြစ်ပါက ပန်းကန်ထဲထည့်၊ အပေါ်ကနေ တုံးထားတဲ့ သရက်သီးတုံးလေးတွေနဲ့ အုန်းသီးဖတ်လေးတွေ ဖြူးပေးရင် အရသာရှိလှတဲ့ သရက်သီးအုန်းနို့သာကူလေး ရပါပြီရှင်။

image