ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈၁ သန်း အား ရောင်းမည်ဖြစ်ပြီး မေလအတွင်း လက်ရှိအချိန်အထိ ဒေါ်လာ ၂၁၆ သန်းကျော် ထုတ်ရောင်းခြင်းဖြစ်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၈၁ သန်း အား ရောင်းချပေးမည်ဖြစ်ကြောင်း မေ ၂၀ ရက်က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေ ၅ ရက်ကလည်း ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၁၃၅ ဒသမ ၃၁ သန်း အား ရောင်းချပေးခဲ့သည်။ သို့ဖြစ်ရာ မေလအတွင်း လက်ရှိအချိန်အထိ စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၁၆ ဒသမ ၃၁ သန်း ထုတ်ရောင်းခြင်းဖြစ်သည်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် ကမ္ဘာ့ဆီဈေးနှုန်း အကျဘက်သို့ ဦးတည်နေမှုနှင့်အတူ မြန်မာနိုင်ငံတွင်လည်း တဖြည်းဖြည်း ပြန်လည်ကျဆင်းလာကြောင်း စက်သုံးဆီအရောင်းဆိုင်များနှင့် ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မေလ ၁၅ ရက်က ထုတ်ပြန်လိုက်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့တွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် -
92 Ron: ၄,၅၆၅ ကျပ်
95 Ron: ၄,၆၄၅ ကျပ်
ဒီဇယ် (HSD 500 ppm): ၄,၈၂၀ ကျပ်
ဒီဇယ် (HSD 50 ppm/10 ppm): ၅,၈၁၅ ကျပ် အသီးသီး ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစတင်ကာ စက်သုံးဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ကျပ်ရာဂဏန်းအထိ တဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး၊ ယခုတစ်ပတ်အတွင်းတွင်လည်း ဆက်လက်ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။
ဧပြီ ၁၇ ရက်တွင် စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဈေးနှုန်းအရ ၉၂ ဓာတ်ဆီတစ်လီတာ ကျပ် ၄၇၃၅ ၊ ၉၅ ဓာတ်ဆီတစ်လီတာ ကျပ် ၄၉၄၅ ၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၆၄၈၅ ၊ ပရီမီယံ ဒီဇယ် တစ်လီတာကျပ် ၇၇၅၅ ဖြစ်သည်။
စက်သုံးဆီဈေးနှုန်းများ ၄ ပတ်ဆက်တိုက် ကျဆင်းလာမှုကြောင့် ကုန်စည်စီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကုန်ကျစရိတ်အနည်းငယ် သက်သာလာနိုင်မည်ဟု လုပ်ငန်းရှင်အချို့က မျှော်လင့်နေကြသည်။

image