ပရီးမီးယားလိဂ်ဖလားဆွတ်ခူးပြီးနောက် မနက် ၅ နာရီအထိ အောင်ပွဲခံခဲ့ကြတဲ့ အာဆင်နယ်ကစားသမားများ
====================
အာဆင်နယ်ကစားသမားများဟာ ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးပြီးနောက် မနက် ၅ နာရီအချိန်အထိ အမ်းမရိတ်ကွင်းအပြင်ဘက်တွင် အောင်ပွဲခံခဲ့ကြပါတယ်။
အီဘီရီချီအီးဇီးဟာ ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတုန်းက အမ်းမရိတ်ကွင်းအပြင်ဘက်တွင် မြောက်လန်ဒန်ကလပ်ကစားဖော်များဖြစ်ကြတဲ့ ဒီကလန်ရိုက်၊ ဘူကာယိုဆာကာ၊ ဂျူရီယန်တမ်ဘားတို့နှင့်အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံအား အင်စတာဂရမ်မှာ တင်သွားပါတယ်။
ဒတ်ချ်နောက်ခံလူကလည်း ကလပ်လေ့ကျင့်ရေးကွင်းတွင် ဆာကာနှင့် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်အား ဆိုရှယ်မီဒီယာတွင် တင်သွားပါတယ်။ ယင်းဗီဒီယိုတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးချိန်တွင် အလင်းပေးထားတဲ့ အနက်ရောင်ပရီးမီးယားလိဂ်ဖလားလည်း ပါဝင်ပါတယ်။
ဆာကာက "အလင်းပေးလိုက်။ ငါ တခုခု ပြောပါရစေ။ နှစ်ဆယ့်နှစ်နှစ်၊ ၂၂ နှစ်၊ ရယ်မောတာတွေ၊ လောင်ပြောင်တာတွေများကြီးပဲ။ အခု သူတို့ မရယ်နိုင်ကြတော့ဘူး။ ကြည့်လိုက်စမ်း။ အလင်းရောင်ထွက်လာတော့မယ်။ အလင်းရောင်ထွက်လာတော့မယ်"လို့ ပြောကြားထားပါတယ်။
ဒါ့အပြင် ဆာကာဟာ အသက် ၁၉ နှစ် အရွယ်ရှိ မိုင်လက်စ်လီဝစ်စကယ်လီက ရှန်ပိန်ပုလင်းကိုင်ထားတဲ့ ဗီဒီယိုကိုလည်း တင်သွားပါသေးတယ်။
အီဇီးဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်သုံးရာသီဆက် အဆင့် ၂ နေရာတွင် ရပ်တည်မှုအား ဝေဖန်ထားမှုအပေါ် ညွှန်းဆိုထားတဲ့ စာသားပါ အာဆင်နယ်တံဆိပ်ကပ်ပုလင်းကိုလည်း တင်သွားပါတယ်။
ဒါ့အပြင် အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်က ပုလင်းတစ်လုံးအား ပါးစပ်တွင် တော့နေတဲ့ ပို့စ်တစ်ခုကိုလည်း တင်ထားပါတယ်။
အင်္ဂါနေ့ညတုန်းက အာဆင်နယ်ပရိသတ်များဟာ အမ်းမရိတ်ကွင်းအပြင်ဘက်တွင် စုရုံးခဲ့ကြသလို အနီးရှိ ဘားများတွင် မန်စီးတီးနှင့် ဘုန်းမောက်ပွဲအား ကြည့်ရှုခဲ့ကြပါတယ်။
ဂွါဒီယိုလာရဲ့ မန်စီးတီးက ဘုန်းမောက်နှင့် သရေကျမှုနှင့်အတူ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာပါတယ်။
ပွဲအပြီးတွင် အာဆင်နယ်ပရိသတ်များဟာ မြောက်လန်ဒန်တလွှား ဘီယာဆိုင်များ၊ စားသောက်ဆိုင်များတွင် အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။
အမ်းမရိတ်ကွင်းအပြင်ဘက်တွင် အာဆင်နယ်ဂန္ထဝင်တိုက်စစ်မှူးအီရန်ရိုက်မှာလည်း ပရိသတ်များနှင့်အတူ အောင်ပွဲခံကြသလို အာဆင်နယ်လေ့ကျင့်ရေးကွင်းတွင်လည်း အောင်ပွဲခံပါတီပွဲ ရှိခဲ့ပါတယ်။