1 ပတ် - ဘာသာပြန်ပါ။

ပြိုင်ဘက်အသင်းများအား စပိုင်လုပ်မှုကြောင့် ပလေးအော့ဖ်ဗိုလ်လုပွဲမှ ဖယ်ရှားခြင်းခံလာရတဲ့ ဆောက်သမ်တန်
====================

ဆောက်သမ်တန်ဟာ ချန်ပီယံရှစ်ရာသီအတွင်း ပြိုင်ဘက်ကလပ် ၃ ခုတို့အား စပိုင်လုပ်ခဲ့ကြောင်း ဝန်ခံလာပြီးနောက် ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲမှ ဖယ်ရှားခြင်းခံလာရပါတယ်။
ပလေးအော့ဖ်ဆီမီးဖိုင်နယ်တွင် ဆောက်သမ်တန်တို့ အနိုင်ယူလာခဲ့တဲ့ မစ်ဒယ်ဘရော့က ပရီးမီးယားလိဂ်သို့ တက်လှမ်းခွင့် တစ်နေရာအတွက် စနေနေ့မှာ ဟားလ်စီးတီးနှင့် ပလေးအော့ဖ်ဗိုလ်လုပွဲ ကစားလာပါမယ်။
ဆောက်သမ်တန်ဟာ မေလ ၇ ရက်နေ့တုန်းက ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပထမအကျော့မတိုင်မီ ပြိုင်ဘက် မစ်ဒယ်ဘရော့အား စပိုင်လုပ်မှုအပါအဝင် အောက်စ်ဖို့ဒ်ယူနိုက်တက်၊ အစ္စဝှစ်ချ်တောင်းတို့ကိုလည်း စပိုင်လုပ်ကာ ဗီဒီယိုမှတ်တမ်းတင် ခိုးယူ ရိုက်ကူးမှုတို့ဖြင့် စွဲချက်တင်ခြင်းခံခဲ့ရတာပါ။
ဒါ့အပြင် လွတ်လပ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်ဟာ ဆောက်သမ်တန်ကို လာမဲ့ရာသီ ချန်ပီယံရှစ်တွင် ရမှတ် ၄ မှတ်လျှော့ဖြင့် ကစားရန်လည်း ဆုံးဖြတ်လာပါသေးတယ်။
ဆောက်သမ်တန်ဟာ ကမ္ဘာ့ဘောလုံးလောကတွင် တန်ကြေးအမြင့်မားဆုံးပွဲအဖြစ် သတ်မှတ်ခံထားရတဲ့ ပလေးအော့ဖ်ဗိုလ်လုပွဲနေရာနှင့် လွဲချော်လာပြီလည်း ဖြစ်ပါတယ်။ ချန်ပီယံရှစ်ပလေးအော့ဖ်ဗိုလ်လုပွဲတွင် အနိုင်ရတဲ့အသင်းက ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့် ရရှိမည်ဆိုပါက ရုပ်သံလွှင့်ခ အနည်းဆုံး ပေါင်သန်း ၁၁၀ ရရှိလာပါမယ်။ ဒါကြောင့်လည်း ယင်းပွဲကို ကမ္ဘာ့ဘောလုံးလောကတွင် ကြေးအကြီးဆုံးပွဲအဖြစ် သတ်မှတ်ထားတာပါ။
ဗိုလ်လုပွဲကိုမူ ယခင်အစီအစဉ်အတိုင်း လာမဲ့ စနေနေ့တွင် ဝင်ဘာလေကွင်းမှာပင် ကစားသွားဦးမှာ ဖြစ်ပါတယ်။
ဆောက်သမ်တန်က ၎င်းတို့မှာ ပြိုင်ဘက်ကလပ် ၃ ခုအား စပိုင်လုပ်ခဲ့ကြောင်း ဝန်ခံထားပေမဲ့ ယခုအရေးယူမှုမှာ ပြင်းထန်လွန်းတယ်ဆိုပြီး ယနေ့ ဗုဒ္ဓဟူးနေ့တွင် အယူခံဝင်လာပါမယ်။
တဖက်တွင် မစ်ဒယ်ဘရော့က လာမဲ့ စနေနေ့တွင် ကစားမဲ့ ပလေးအော့ဖ်ဗိုလ်လုပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသလို ဗိုလ်လုပွဲအတွက် လက်မှတ်များကိုလည်း ရောင်းချရန် စီစဉ်နေပြီ ဖြစ်ပါတယ်။

image