၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးလာပြီးနောက် အာဆင်နယ်ကစားသမားများ ဆုကြေးငွေအမြောက်အမြား ရရှိလာမည်
====================

အာဆင်နယ်ဟာ ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ပထမဆုံးပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးလာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းသားတို့ဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာမှုနှင့်အတူ အပိုဆုကြေးငွေအမြောက်အမြားလည်း ရရှိလာကြပါမယ်။
The Times ရဲ့ဖော်ပြလာမှုအရ အာဆင်နယ်အသင်းသားတို့ဟာ ပရီးမီးယားလိဂ်ပွဲကစားခွင့် ရရှိမှုအပေါ် မူတည်ပြီး အပိုဆုကြေးငွေ ရရှိလာမှာ ဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းသားတို့ဟာ ပရီးမီးယားလိဂ် ၁ ပွဲ ကစားခွင့် ရရှိလျှင် ပေါင် ၆၀၀၀ နှုန်းဖြင့် အပိုဆုကြေးငွေအား ခွဲဝေ ရရှိလာကြမှာလည်း ဖြစ်ပါတယ်။
ကစားသမားများဟာ ပွဲကစားခွင့် ရရှိမှုအပေါ် မူတည်ပြီး အပိုဆုကြေးငွေအား ခွဲဝေ ရရှိလာကြမှာ ဖြစ်လို့ တစ်ဦးနှင့်တစ်ဦး အပိုဆုကြေးငွေ ရရှိမှု ပမာဏကွဲပြားလာပါမယ်။
ဒါပေမဲ့ ပွဲအများစု ပါဝင်ကစားခွင့် ရရှိကြတဲ့ ကစားသမားတွေကတော့ ပေါင်နှစ်သိန်းကျော်အထိ ရရှိလာပါမယ်။
ဒါကြောင့်လည်း ယခုရာသီတွင် အာဆင်နယ်အတွက် ပွဲအများဆုံးကစားခွင့် ရရှိထားကြတဲ့ ဒေးဗစ်ရာယာနှင့် မာတင်ဇူဘီမန်ဒီတို့က ရာသီသိမ်းပွဲ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် ပါဝင်ကစားလာကြပါက ပေါင် ၂၂၈၀၀၀ အထိ ရရှိကာ ဆုကြေးငွေအများဆုံးရရှိတဲ့ ကစားသမားတွေ ဖြစ်လာပါမယ်။
ဒါ့အပြင် ဘူကာယိုဆာကာ၊ ဂါဘရီရယ်၊ ဝီလီယံဆာလီဘာတို့မှာလည်း ပဲလေ့စ်နှင့်ပွဲတွင် ပါဝင်ကစားလာကြပါက ၃၁ ပွဲအထိ ကစားလာမှာ ဖြစ်လို့ ဆုကြေးငွေ ပေါင် ၁၉၂၀၀၀ အထိ ရရှိလာကြပါမယ်။
ယခုရာသီတွင် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ တစ်ပွဲမျှ ကစားခွင့် မရထားတဲ့ ကီပါမှာလည်း အသင်းသားတစ်ဦး ဖြစ်တာနဲ့အညီ အနည်းဆုံး ပေါင် ၆၀၀၀ အပိုဆုကြေးငွေ ရရှိလာပါမယ်။
အာဆင်နယ်ကစားသမားများဟာ ယခုလအကုန်တွင် ကစားရမဲ့ ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ အနိုင်ရရှိကာ ပထမဆုံးချန်ပီယံလိဂ်ဖလား ဆွတ်ခူးလာပါကလည်း အပိုဆုကြေးငွေများ ရရှိလာပါဦးမယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပါဝင်ကစားခွင့် ရရှိပြီး ချန်ပီယံဖြစ်လာပါက ကစားသမားတစ်ဦးလျှင် ပေါင် ၁၂၅၀၀၀ စီ ရရှိလာပါမယ်။
The Times ရဲ့ ဖော်ပြမှုအရ အာဆင်နယ်ကစားသမားများဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်ထားမှုနှင့်အတူ အက်သလက်တီကိုနှင့် ဆီမီးဖိုင်နယ်နှစ်ပွဲလုံး ကစားခွင့် ရရှိထားသူတို့ဟာ ပေါင် ၂၅၀၀၀ စီ အပိုဆုကြေးငွေ ရရှိထားပြီး ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် ယခုရာသီ အသင်းရဲ့ ပရီးမီးယားလိဂ်ပွဲအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကို ကစားခွင့်ရရှိတဲ့ အသင်းသားတို့ဟာ ချန်ပီယံဖြစ်ကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိလာမှုနဲံအတူ ပေါင် ၇၅၀၀၀၀ မှ ပေါင် ၁ သန်းအကြား ထပ်ဆောင်းအပိုဆုကြေးငွေ ရရှိလာပါဦးမယ်။

image