မန်စီးတီးမှ ထွက်ခွာမဲ့အကြောင်း မန်စီးတီးစတားများအား ပြောကြားမှု ပေါက်ကြားလာမှုအပေါ် ဂွါဒီယိုလာ ပေါက်ကွဲ
=======================

ပက်ဂွါဒီယိုလာဟာ လာမဲ့ တနင်္ဂနွေနေ့ ရာသီသိမ်းပွဲအပြီးတွင် မန်စီးတီးမှ ထွက်ခွာမဲ့အကြောင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး တိုက်ပွဲဝင်နေတဲ့ မန်စီးတီးစတားများအား အသိပေးခဲ့ပါတယ်။
ဒါပေမဲ့ ဂွါဒီယိုလာဟာ ယင်းသတင်းမှာ ယနေ့ည ဘုန်းမောက်နှင့်ပွဲမတိုင်မီ ပေါက်ကြားလာမှုအပေါ် အကြီးအကျယ် ဒေါသထွက်နေပါတယ်။
အသက် ၅၅ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ ဆယ်နှစ်ကြာ ဦးဆောင်လာခဲ့ပြီးနောက် အီတီဟတ်မှ ထွက်ခွာမဲ့အကြောင်း ညဘက်ရောက်ချိန်တွင်မှ မန်စီးတီးကစားသမားများအား ဆက်သွယ် အသိပေးခဲ့တာပါ။
မန်စီးတီးနှင့် ၁၂ လစာချုပ်ကျန်နေသေးတဲ့ ဂွါဒီယိုလာရဲ့ နေရာတွင် လက်ထောက်နည်းပြဟောင်းအန်ဇိုမာရက်စ်ကာအား အစားထိုးခန့်အပ်လာဖို့ ရှိပါတယ်။
သတင်းရင်းမြစ်က "ပွဲမတိုင်ခင်လေးမှာ သတင်းပေါက်ကြားသွားလို့ ဂွါဒီယိုလာ ဒေါသထွက်နေတယ်။ သူဟာ ကစားသမားတွေကို ညဘက် စုဝေးပြီး ဖုန်းခေါ်ကာ သူထွက်ခွာမဲ့အကြောင်း အတည်ပြုခဲ့တာပါ။ သတင်းပေါက်ကြားသွားမှုအတွက်လည်း တောင်းပန်ခဲ့တယ်။ ဒီပေါက်ကြားမှုအတွက် သူ အံ့ဩသင့်ခဲ့ရတယ်။ ကစားသမားတွေက စနေနေ့ကမှ အသိပေးခံရတာ။ သူက ဘယ်သူမှ တုန်လှုပ်မသွားရအောင် ဒီလို စောစောစီးစီး အသိပေးခဲ့တာ"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးအား ဆယ်နှစ်တာကိုင်တွယ်စဉ်အတွင်း အဓိကဆုဖလား ၁၇ လုံး ရယူပေးခဲ့တဲ့ ဂွါဒီယိုလာဟာ မကြာသေးမီ ရက်များတွင် တစ်နှစ်စာချုပ်ကျန်နေသေးတဲ့ မန်စီးတီးကို ဆက်လက် ကိုင်တွယ်သွားမယ်လို့ ပြောဆိုလာခဲ့သူလည်း ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်မှ ရောက်လာတဲ့ ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးခဲ့တဲ့အပြင် ၂၀၂၃ ခုနှစ်တုန်းက ကလပ်သမိုင်းတွင် ပထမဆုံးချန်ပီယံလိဂ်ဖလား ရယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
လာမဲ့ တနင်္ဂနွေနေ့ ဗီလာနှင့်ပွဲစဉ်မှာ ဂွါဒီယိုလာအတွက်သာမက ‌ဘာနာဒိုဆေးလ်ဗားနှင့် ဂျွန်စတုန်းတို့အတွက်လည်း မန်စီးတီးအတွက် နောက်ဆုံးပွဲ ဖြစ်လာပါမယ်။
ယင်းပွဲမှာ ဂွါဒီယိုလာရဲ့မန်စီးတီးအတွက် ၅၉၃ ပွဲမြောက်ပွဲဖြစ်လာမှာ ဖြစ်ပြီး နောက်ဆုံးပွဲ ဖြစ်လာပါမယ်။
သူဟာ စနေနေ့တုန်းက ချဲလ်ဆီးကို အနိုင်ယူကာ အက်ဖ်အေဖလားဆွတ်ခူးပြီးနောက် ဥက္ကဌခါဒွန်းအယ်မူဘာရက်နှင့် ဆွေးနွေးခဲ့ပါတယ်။ မန်စီးတီးအကြီးအကဲက ဂွါဒီယိုလာအား လက်ကျန် တစ်နှစ်စာချုပ်သက်တမ်းကုန်ဆုံးအောင် ကိုင်တွယ်ရေး ဖျောင်းဖျခဲ့ပါသေးတယ်။
တဖက်တွင် မန်စီးတီးပရိသတ်များဟာ တနင်္ဂနွေနေ့တွင် ဖွင့်လှစ်လာမဲ့ အဆင့်မြှင့်ထားတဲ့ မြောက်ဘက်ပွဲကြည့်စင်အား ဂွါဒီယိုလာအမည်ပေးကာ ဂုဏ်ပြုရေး တောင်းဆိုနေကြပါတယ်။

image