ရာသီသစ်တွင် ဝတ်ဆင်လာမဲ့ အိမ်ကွင်းဝတ်စုံသစ်အား လီဗာပူးနှင့် အက်ဒီးဒက်စ် ကြေညာလာ
=====================
လီဗာပူးနှင့် အက်ဒီးဒက်စ်တို့ဟာ ၂၀၂၆-၂၇ ရာသီတွင် ဝတ်ဆင်လာမဲ့ အိမ်ကွင်းဝတ်စုံသစ်အား ကြေညာလာပါတယ်။ လီဗာပူးရဲ့ အိမ်ကွင်းဝတ်စုံသစ်က အမှတ်ပေးဖလား ဆွတ်ခူးခဲ့တဲ့ ၁၉၈၉-၉၀ ရာသီတုန်းက ဝတ်ဆင်ခဲ့တဲ့ အင်္ကျီဒီဇိုင်းကို အခြေခံ ဖန်တီးထားတာ ဖြစ်ပါတယ်။
လီဗာပူးနှင့် အက်ဒီးဒက်စ်တို့ဟာ အတိတ်နှင့် ပစ္စုပ္ပန်တို့အား ပေါင်းစပ်ကာ မျိုးဆက်သစ်များအတွက် ဒီဇိုင်းသစ် ဖန်တီးလာတာလည်း ဖြစ်ပါတယ်။
လီဗာပူးဝတ်စုံသစ်ကို လီဗာပူးရဲ့ တရားဝင်ဝက်ဘ်ဆိုက်များတွင် စတင် ဝယ်ယူနိုင်ပြီလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ယခုဝတ်စုံသစ်တွင်ပါဝင်တဲ့ အစင်းလိုင်းဒီဇိုင်းပါ အင်္ကျီအား ၁၉၈၉ မှ ၁၉၉၁ ခုနှစ်အတွင်း ဝတ်ဆင်ခဲ့ဖူးပြီး ထိုစဉ်တုန်းက လီဗာပူးဟာ ၁၈ ကြိမ်မြောက်အမှတ်ပေးဖလားဆွတ်ခူးကာ အင်္ဂလိပ်သမိုင်းတွင် အအောင်မြင်ဆုံးကလပ်အဖြစ် သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
လီဗာပူးဝတ်စုံသစ်မှာ အက်ဒီဒက်စ်ရဲ့ နဂိုဒီဇိုင်းကို အခြေခံထားပြီး မော်ဒန်ခေတ်ဒီဇိုင်းနှင့်အညီ အမြဲဆန်းသစ်နေစေရေး ဖန်တီးထားတာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ရာသီသစ် အိမ်ကွင်းဝတ်စုံအပြင် လေ့ကျင့်ရေးကွင်းဝတ်စုံကိုလည်း ကြေညာသွားပါတယ်။