ဘရာဇီးရဲ့ ကမ္ဘာ့ဖလားလူစာရင်း ၂၆ ဦးတွင် နေမာ ပါဝင်လာ
===================

ဘရာဇီးတိုက်စစ်မှူးနေမာဟာ ကာလိုအန်ဆယ်လော့တီရဲ့လာမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီး ၂၆ ဦးစာရင်းတွင် ရွေးချယ်ခြင်းခံလာရပါတယ်။
ဆန်းတို့စ်တွင် ကစားနေတဲ့ အသက် ၃၄ နှစ်ရှိ နေမာဟာ ဘရာဇီးအတွက် ၁၂၈ ပွဲကစားကာ ၇၉ ဂိုးသွင်းယူပေးထားသူ ဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် ၂၀၂၃ ခုနှစ်ကတည်းက လက်ရွေးစင်အတွက် ကစားခွင့်မရလာသူ ဖြစ်ပါတယ်။
သူဟာ ဘရာဇီးရဲ့ အပြီးသတ်လူစာရင်းတွင် ရွေးချယ်လာမှုနှင့်အတူ ၄ ကြိမ်ဆက် ကမ္ဘာ့ဖလားပြိုင်ပွဲအား ကစားလာပါတော့မယ်။
အီတလီလူမျိုးနည်းပြအန်ဆယ်လော့တီဟာ ရီယိုဒီဂျနဲလ်ရိုးတွင် ဘရာဇီးလူစာရင်းအား ကြေညာခဲ့ရာ နေမာအမည်အား ကြေညာလာချိန်တွင် ပရိသတ်များက လက်ခုပ်တီး ကြိုဆိုခဲ့ကြပါတယ်။
အသက် ၆၆ နှစ်ရှိ အန်ဆယ်လော့တီက "ကျွန်တော်တို့ ပြီးခဲ့တဲ့ တစ်နှစ်လုံး နေမာကို ဆန်းစစ်လေ့လာမှု ပြုလုပ်ခဲ့ကြတယ်။ နောက်ဆုံးကာလမှာ သူ့ခြေစွမ်း ပိုမိုတည်ငြိမ်ပြီး ကြံ့ခိုင်မှုပိုင်းလည်း ကောင်းမွန်လာတာ တွေ့ခဲ့ရတယ်"လို့ ပြောကြားသွားပါတယ်။
ဒဏ်ရာကြောင့် လီဗာပူးရဲ့ နောက်ဆုံး ၁၀ ပွဲကို လွဲချော်လာခဲ့တဲ့ အလစ်ဆင်ဘက်ကာမှာလည်း ယူနိုက်တက်ရဲ့ ကက်စ်မီရို၊ မားသီးယပ်စ်ကူညာ၊ နယူးကာဆယ်ကွင်းလယ်ကစားသမားဘရူနိုဂူမာရေးစ်၊ အာဆင်နယ်နောက်ခံလူဂါဘရီရယ်၊ ဘရန့်ဖို့ဒ်တိုက်စစ်မှူးအိုင်ဂေါ်တီယာဂို၊ ဘုန်းမောက်တိုက်စစ်သမားရာယန်တို့နှင့်အတူ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့ ချဲလ်ဆီးတိုက်စစ်သမားပီဒရိုကတော့ ယခုရာသီတွင် ၁၅ ဂိုးသွင်းကာ ၅ ကြိမ်ဖန်တီးပြီး ချဲလ်ဆီးရဲ့ ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်ခဲ့ပေမဲ့ ရွေးချယ်ခြင်းမခံလာရပါဘူး။
ဘရာဇီးလူစာရင်းတွင် ဘာစီလိုနာစတားရာဖင်ညာ၊ ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်နှင့် လိုင်ယွန်တွင် အငှားဖြင့် သွားကစားနေတဲ့ အန်းဒရစ်တို့လည်း ရွေးချယ်ခြင်းခံလာရပါတယ်။
ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံဘရာဇီးဟာ ဇွန်လ ၁၃ ရက်နေ့တွင် မော်ရိုကိုနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရမှာ ဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့တွင် ဟေတီ၊ ဇွန်လ ၂၄ ရက်နေ့တွင် စကောတ့လန်တို့နှင့် အုပ်စုပွဲ အသီးသီး ကစားရပါမယ်။

image