ပြင်ဦးလွင်က ဖက်ဆွပ်ကန်မှာ ညီအစ်ကိုနှစ်ယောက်အပါအဝင် ကလေးငယ်သုံးယောက် ရေနစ်​သေဆုံး

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂)၊ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ ကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မနေ့က မေ ၁၇ ရက်နေ့ ၊ ညနေ ၅ နာရီ လောက်မှာ ကလေးငယ်သုံးယောက် ပျောက်သွားကြောင်းသိရှိရတာကြောင့် ရပ်ကွက်တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ လိုက်လံရှာဖွေရာကနေမှ ရေချမ်းအိုးတောင်ရွာမှာရှိတဲ့ ဖက်ဆွတ်ကန်အတွင်းမှာ ရေနစ်သေဆုံးနေတာကို တွေ့ရှိရတာဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးတဲ့ ကလေးငယ်တွေထဲမှာ နှစ်ယောက်က ချင်းတိုင်းရင်းသားညီအစ်ကိုနှစ်ယောက်ပါဝင်တယ်လို့ သိရပါတယ်။
" ၅ နာရီခွဲလောက်မှာ ကလေးတွေ ပျောက်သွားတယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို သတင်းဝင်တယ်။ အဲဒီမှာ လိုက်စုံစမ်းတော့ နောက်ဆုံးရေကန်နားမှာ အင်္ကျီသုံးထည်၊ ဖိနပ်သုံးရံတွေ့တယ်။ ၆ နာရီလောက်မှာ ရေကန်ထဲဆင်းရှာတော့ ဆက်တိုက်ပါပဲ ကလေးအလောင်းတွေတွေ့တယ်။.ချင်းတိုင်းရင်းသားလေးတွေက နေရပ်ရှောင်တွေလို့သိရတယ်။ သေတဲ့ကလေးတွေက ရပ်ကွက်ကြီး ၈ မှာနေကြတာ။ ရေနစ်တာက ရပ်ကွက်ကြီး ၁၂ အပိုင်နယ်မြေ ရေချမ်းအိုးတောင်ရွာကန်မှာဖြစ်တာပေါ့။ ကျောင်းသားလေးတွေတော့ဟုတ်တယ်။ အတန်းဘာညာတော့ မမေးလိုက်မိဘူး ။ " လို့ ရပ်ကွက်ကြီး ၁၂ ဒေသခံက ပြောပါတယ်။
ရေနစ်သေဆုံး ခဲ့တဲ့ ကလေးငယ်သုံးယောက်ဟာ.အသက် ၁၀ နှစ်အရွယ်လေးတွေဖြစ်ကြောင်းသိရပြီး အလောင်းတွေကိုတော့ ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
အဲဒီဖက်ဆွပ်ကန်မှာ ပြီးခဲ့တဲ့ တလကျော်လောက်ကလည်း အသက် ၁၄ နှစ်အရွယ်ကောင်လေးတ​ယောက် ရေနစ်သေဆုံး မှုရှိခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။

image