အာရှချန်ပီယံလိဂ် ၂ တွင် ဂမ်ဘာအိုဆာကာကို အရေးနိမ့်လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် Al-Nassr
===================

ခရစ္စတီယာနိုရော်နယ်ဒိုနှင့် Al-Nassr တို့ဟာ အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲတွင် ဂျပန်ကလပ် ဂမ်ဘာအိုဆာကာအား အရေးနိမ့်ကာ ဆုဖလား ဆွတ်ခူးနိုင်မဲ့ အခွင့်အရေး လက်လွှတ်လာရပါတယ်။
ဂျပန်ကလပ်ဟာ အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲတွင် အိမ်ရှင် Al-Nassr ကို ၁-၀ ဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်လာတာလည်း ဖြစ်ပါတယ်။
ဗိုလ်လုပွဲကို King Saud University Stadium ကွင်းတွင် ကစားလာတာ ဖြစ်ပြီး Al-Nassr က ဒီဆုဖလားကို ဆွတ်ခူးတဲ့ ပထမဆုံးဆော်ဒီကလပ်ဖြစ်လာဖို့ ရေပန်းစားနေခဲ့တာပါ။
ဒါပေမဲ့ ဂမ်ဘာအိုဆာကာဟာ ပွဲချိန်မိနစ် ၃၀ တွင် ဒီနစ်ဟမ်မက်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် Al-Nassr ကို အနိုင်ယူလာပါတယ်။
Al-Nassr ဟာ ဂမ်ဘာအိုဆာကာအား ပွဲချိန်ပြည့်နီးပါး ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ကစားနိုင်ခဲ့ပေမဲ့လည်း ပြိုင်ဘက်ရဲ့ ကျစ်လစ်တဲ့ ခံစစ်ကြောင့် ခက်ခက်ခဲခဲ ထိုးဖောက်ခဲ့ရသလို ရရှိခဲ့တဲ့ အခွင့်အရေးကိုလည်း အသုံးမချနိုင်မှုကြောင့် ဂိုးမရခဲ့တာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ အာရှချန်ပီယံလိဂ် ၂ ဗိုလ်လုပွဲတွင် အရေးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်လာရပေမဲ့ ဆော်ဒီအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မဲ့ အခွင့်အရေး ပိုင်ဆိုင်နေတုန်း ဖြစ်ပါတယ်။
Al-Nassr ဟာ လာမဲ့ ကြာသပတေးနေ့ ရာသီသိမ်းပွဲတွင် ဒါမစ်ကို အနိုင်ရရှိလာပါက ဆော်ဒီအမှတ်ပေးဖလားဆွတ်ခူးလာပါမယ်။
တဖက်တွင် ဂမ်ဘာအိုဆာကာကတော့ ၂၀၀၈ ခုနှစ်တုန်းက အာရှချန်ပီယံလိဂ်ဖလား ဆွတ်ခူးပြီးနောက် ပထမဆုံးအာရှရဲ့အရေးပါတဲ့ဖလား ဆွတ်ခူးလာတာလည်း ဖြစ်ပါတယ်။

image