ဆဲလ်တစ်အား ရှုံးနိမ့်ပြီးနောက် အဝတ်အစားပင် မလဲနိုင်ဘဲ လုံခြုံရေးအပြည့်ဖြင့် အေဒင်ဘတ်သို့ ပြန်ထွက်ခွာခဲ့ရတဲ့ ဟတ်စ်အသင်း
====================
ဟတ်စ်ဟာ ဆဲလ်တစ်အား ရှုံးနိမ့်တဲ့ ရာသီသိမ်းပွဲအပြီးတွင် ပရိသတ်များ ကွင်းအတွင်း ဆင်းလာမှုနှင့်အတူ ဝတ်စုံပြည့်ဖြင့် ရဲတပ်ဖွဲ့ လုံခြုံရေး အပြည့်အဝ ယူကာ Parkhead မှ ချက်ချင်း ထွက်ခွာခဲ့ရပါတယ်။
ဆဲလ်တစ်ဟာ ရာသီသိမ်းပွဲတွင် ဟတ်စ်ကို ၃-၁ ဖြင့် အနိုင်ယူပြီး နောက်ထပ် စကော့တလန်ပရီးမီးယားလိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ပွဲပြီးခါနီး ၉၇ မိနစ်တွင် ဆဲလ်တစ်တို့ တတိယဂိုး ရရှိသွားချိန်မှာတော့ ရာပေါင်းများစွာသော ဆဲလ်တစ်ပရိသတ်များဟာ ပွဲသိမ်းခရာမမှုတ်မီမှာပင် ကွင်းအတွင်း ဆင်းလာကာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။
ယင်းရှုပ်ထွေးတဲ့ အခြေအနေအတွင်းတွင် ဟတ်စ်ကစားသမားအချို့တို့ဟာ ဆဲလ်တစ်ပရိသတ်များရဲ့ တိုက်ခိုက်မှုနှင့်လည်း ကြုံခဲ့ရပါတယ်။
ယင်းနောက်တော့ ဟတ်စ်ကစားသမားများဟာ အခြေအနေ ပိုမို ရှုပ်ထွေးလာနိုင်တဲ့ အခြေအနေကြောင့် အဝတ်အစားပင် မလဲလှယ်နိုင်ဘဲ ဘောလုံးဝတ်စုံအပြည့်ဖြင့် ရဲတပ်ဖွဲ့ လုံခြုံရေး ရယူကာ ဂလက်စကိုမှ ထွက်ခွာခဲ့ရပါတယ်။
တဖက်တွင် ဟတ်စ်ပရိသတ်များဟာ ဆဲလ်တစ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ အိမ်ပြန်လာခဲ့တဲ့ ကစားသမားများအား ဂုဏ်ပြုကြိုဆိုမှု ပြုလုပ်ခဲ့ကြတာလည်း တွေ့ရပါတယ်။