အာဆင်နယ်ကဲ့သို့ အဖြစ်အပျက်မျိုး ကြုံရပေမဲ့ ဂိုးပေးခဲ့ရကာ ဘွန်ဒက်စ်လီဂါမှ တန်းဆင်းသွားခဲ့ရတဲ့ စိန့်ပေါ်လီ
======================

ဝက်စ်ဟမ်းရဲ့ အာဆင်နယ်နှင့်ပွဲစဉ်မှ ဂိုးအား ခွင့်မပြုခဲ့မှုက ပရီးမီးယားလိဂ်ရဲ့ တန်းဆင်းဇုန်တိုက်ပွဲကိုသာမက ချန်ပီယံဆုအတွက် တိုက်ပွဲကိုပါ အကျိုးသက်ရောက်ခဲ့ပါတယ်။
တဖက်မှာ ဘွန်ဒက်စ်လီဂါမှာလည်း ယင်းသို့ အဖြစ်အပျက်မျိုး ကြုံလာရပါတယ်။ ဒါပေမဲ့ ဘွန်ဒက်စ်လီဂါမှ အဖြစ်အပျက်ကြောင့် အသင်းတစ်သင်းကတော့ တန်းဆင်းသွားခဲ့ရပါတယ်။
ဘွန်ဒက်စ်လီဂါရာသီသိမ်းပွဲတွင် အသင်း ၃ သင်းက တန်းမဆင်းရရေး တိုက်ပွဲဝင်ခဲ့ကြပါတယ်။
ယင်းမှ ၂ သင်းဖြစ်တဲ့ စိန့်ပေါ်လီနှင့် ဝုဖ်ဘတ်တို့ ရင်ဆိုင်ကစားခဲ့ကြပါတယ်။
မိနစ် ၆၀ ကျော်အထိ ၁ ဂိုးစီသရေကျနေခဲ့ပါတယ်။ ယင်းရလဒ်ကြောင့် စိန့်ပေါ်လီက တန်းဆင်းဇုန်မှ ရုန်းထွက်ကာ ဝုဖ်ဘတ်က တန်းမဆင်းရရေး ပလေးအော့ဖ်ကစားရမဲ့နေရာသို့ ရောက်သွားခဲ့ပါတယ်။
ဒါပေမဲ့ ၆၃ မိနစ်မှာ ဝုဖ်ဘတ်တို့ ထောင့်ကန်ဘော ရရှိလာချိန်မှာတော့ ကလပ်များရဲ့ ကံကြမ္မာအပြောင်းအလဲ ဖြစ်လာပါတယ်။
ဝုဖ်ဘတ်က ထောင့်ကန်ဘော ကန်တင်လိုက်ချိန်မှာ ခံစစ်သမားနဲ့ တိုက်စစ်သမားများအကြား လုံးထွေးနေခဲ့ကြပြီး စိန့်ပေါ်လီဂိုးသမားနီကိုလာဗာဆယ်ကလည်း ဘောလုံးကို ပုတ်ထုတ်နိုင်ရေး လူအုပ်ကြားမှ ကြိုးပမ်းခဲ့ပါတယ်။
ဒါပေမဲ့ အသက် ၃၀ နှစ်ရှိ ဂိုးသမားဟာ ဝုဖ်ဘတ်ကစားသမားများကြောင့် ကောင်းမွန်စွာ ပုတ်ထုတ်နိုင်ခဲ့ခြင်း မရှိဘဲ မတော်တဆ ကိုယ့်ဂိုးကိုယ်သွင်းမိသလို ဖြစ်သွားခဲ့ပါတယ်။
သူဟာ ဒိုင်လူကြီးကို ပြစ်ဒဏ်ကျူးလွန်ခံရကြောင်း စောဒကတက်ခဲ့ပါတယ်။ ယင်းနောက်မှာတော့ VAR စစ်ဆေးမှု ဖြစ်လာပါတယ်။
ယင်းဂိုးကို ကွင်းလယ်ဒိုင်လူကြီးက ဂိုးပေးထားတာပါ။ VAR က ယင်းအဖြစ်အပျက်အား ကွင်းဘေးရှိ မော်နီတာတွင် ပြန်စစ်ရန် အကြံပေးခဲ့ပါတယ်။ ဒိုင်လူကြီးဟာ ပြန်လည် စစ်ဆေးပြီးချိန်မှာတော့ နဂိုဆုံးဖြတ်ချက်အတိုင်း ဂိုးပေးခဲ့ပါတယ်။
အနှေးပြကွက်အရ ဝုဖ်ဘတ်နောက်ခံလူဂျန်နူရယ်ဘီလိုခီယန်ဟာ ဂိုးသမားက လက်သီးဖြင့် ထိုးပြီ ပုတ်ထုတ်ရန် ကြိုးပမ်းစဉ် လက်ဖြင့် တားဆီးခဲ့တာ တွေ့ရပါတယ်။
ဝုဖ်ဘတ်ဟာ ၇၉ မိနစ်မှာ ပီခီနိုဗစ်ရဲ့ ဂိုးဖြင့် တတိယဂိုး ထပ်မံ ရရှိခဲ့ပြီး ၃-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲရလဒ်ကြောင့် စိန့်ပေါ်လီက ဘွန်ဒက်စ်လီဂါမှ တန်းဆင်းခဲ့ရပြီး ဝုဖ်ဘတ်ကတော့ တန်းမဆင်းရရေး ပလေးအော့ဖ်ထပ်မံ ကစားလာရတော့မှာ ဖြစ်ပါတယ်။

image