ရာသီသိမ်းပွဲများတွင် ပါဝင်ရေး တမ်ဘား အစွမ်းကုန်ကြိုးပမ်းနေကြောင်း အာတီတာ အတည်ပြုလာ
====================

အာဆင်နယ်နည်းပြမီခေးလ်အာတီတာက ဂျူရီယန်တမ်ဘားမှာ အာဆင်နယ်ရဲ့ရာသီသိမ်းပွဲများတွင် ပါဝင်ကစားနိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
နောက်တန်းတွင် စွယ်စုံကစားနိုင်တဲ့ ဒတ်ချ်နောက်ခံလူဟာ မတ်လတုန်းက အဲဗာတန်အား ၂-၀ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းတွင် ဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပြီးနောက်ပိုင်း အာဆင်နယ်အတွက် မကစားနိုင်လာခဲ့သူ ဖြစ်ပါတယ်။
တမ်ဘားနှင့်အတူ အခြားညာနောက်ခံလူဘင်ဝှိုက်မှာလည်း ဒူးဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူနေရမှုနှင့်အတူ မီခေးလ်အာတီတာမှာ ညာနောက်ခံလူပြဿနာ ကြုံနေရပါတယ်။
တမ်ဘားကို ပြီးခဲ့တဲ့အပတ်တုန်းက အက်သလက်တီကို၊ ဝက်စ်ဟမ်းတို့နှင့် ပွဲစဉ်မတိုင်မီ အသင်းနှင့်အတူ တွေ့ရှိခဲ့ရပြီး ပရီးမီးယားလိဂ်ရာသီသိမ်းပွဲများနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတို့တွင် ကစားနိုင်ရေး အစွမ်းကုန် လုပ်ဆောင်နေပါတယ်။
အာတီတာက "သူက အသင်းနဲ့ နီးနီးကပ်ကပ် ရှိချင်တယ်။ ပြီးခဲ့တဲ့ရက်တွေမှာ သူ့အခြေအနေ အနည်းငယ်တိုးတက်လာတယ်။ သူလည်း ခံစားချင်ကောင်းလာတယ်။ သူ့ကို ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားပေးသွားမယ်။ အမြန်ဆုံးကစားနိုင်အောင် လုပ်နေတယ်။ ဘာဖြစ်လာမလဲ ကြည့်ရဦးမယ်။ ကံဆိုးစွာပဲ သူ နားလာရတာ ကြာပြီ။ သူ ကျွန်တော်တို့အတွက် အရေးပါတဲ့သူပါ။ ကျွန်တော်တို့အားလုံး ဒါကို သိပြီးသားပါ။ ပြီးတော့ သူကလည်း အသင်းအတွက် ကူညီနိုင်ဖို့ လုပ်သမျှ အစွမ်းကုန်လုပ်နေတယ်။ သူ့ခေါင်းဆောင်မှု၊ အရည်အသွေးနဲ့ အသင်းက သူ့ကို ဘယ်လောက်လိုသလဲဆိုတာ ကျွန်တော်တို့အားလုံး သိထားပြီးသားပါ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် မီခေးလ်အာတီတာက ဝက်စ်ဟမ်းအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဒဏ်ရာရရှိခဲ့တဲ့ နောက်တန်းအစွန်လူရီကာဒိုကာလာဖီအိုရီမှာ တနင်္လာနေ့ ဘန်လေနှင့် နောက်ဆုံးအိမ်ကွင်းပွဲတွင် ပါဝင်ကစားလာနိုင်မလား မသေချာကြောင်း ဆိုသွားပါတယ်။
အာတီတာဟာ ခရစ္စတီယန်မော့စ်ကွီရာကို ခံစစ်တွင် အသုံးပြုကာ အသင်းကို ဟန်ချက်ညီအောင် လုပ်ဆောင်သွားပါမယ်။

image