မေဂျာလိဂ်သမိုင်းတွင် အသက်အငယ်ဆုံး ဟက်ထရစ်ဖြစ်လာတဲ့ အသက် ၁၈ နှစ်အရွယ်ရှိ ဟောလ်
==================
ဆယ်ကျော်သက်တိုက်စစ်သမားဂျူလီယန်ဟောလ်ဟာ ရက်ဘူးလ်နယူးယောက်ခ်က ကိုလမ်ဘတ်စ်ခရူအား ၃-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် မေဂျာလိဂ်သမိုင်းတွင် အသက်အငယ်ဆုံး ဟက်ထရစ်ရှင်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူလာပါတယ်။
အသက် ၁၈ နှစ်နှင့် ရက် ၅၀ ရှိ ဟောလ်ဟာ Sports Illustrated Stadium တွင် ကစားတဲ့ပွဲစဉ်ရဲ့ ပထမပိုင်းတွင် ၂ ဂိုးသွင်းပြီးနောက် ဒုတိယပိုင်းတွင် ၁ ဂိုးသွင်းကာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ယင်းဟက်ထရစ်ကြောင့် ယခုရာသီ ၁၃ ပွဲကစားထားရာမှာ မေဂျာလိဂ်ဂိုး ၉ ဂိုးအထိ သွင်းထားနိုင်ပြီလည်း ဖြစ်ပါတယ်။
ယခင်တုန်းက အက်ဖ်စီဒဲလ်လက်စ်တိုက်စစ်မှူးရီကာဒိုပီပီက ၂၀၂၁ ခုနှစ်တုန်းက အယ်လ်အေဂလက်စီနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် ၁၉ နှစ်နှင့် ၁၉၆ ရက်ဖြင့် မေဂျာလိဂ်သမိုင်းတွင် အသက်အငယ်ဆုံးဟက်ထရစ်ရှင်အဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့တာပါ။
အမေရိကန်နိုင်ငံသားဟောလ်ဟာ ၂၀၂၃ ခုနှစ်တုန်းက အသက် ၁၅ နှစ်အရွယ်တွင် ပထမဆုံးမေဂျာလိဂ်ပွဲ ကစားခွင့်ရခဲ့သူ ဖြစ်ပြီး အမေရိကန်ယူ-၁၅ နှင့် ယူ-၁၇ တို့အတွက် ကစားထားကာ ပိုလန်လက်ရွေးစင်အသင်းအတွက်လည်း ကစားခွင့်ရှိနေသူ ဖြစ်ပါတယ်။
ရက်ဘူးလ်ဟာ အရှေ့ပိုင်းကွန်ဖရင့်လိဂ်တွင် ရမှတ် ၁၈ မှတ်နှင့် မြို့ခံပြိုင်ဘက် နယူးယောက်စီးတီးနှင့် အတူ ရပ်တည်နေပြီး စနေနေ့တွင် ဒါဘီပွဲကစားရပါမယ်။