ပေါင် ၁၄၀၀၀ နီးပါး ကလေးစရိတ်ပေးရန် ပျက်ကွက်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံလာရတဲ့ ဘောလုံးလူဆိုးဒီယော့ဖ်
===================

လီဗာပူးတိုက်စစ်မှူးဟောင်းအယ်ဟာဂျီဒီယော့ဖ်ဟာ ကလေးစရိတ် ပေါင် ၁၄၀၀၀ နီးပါးအား ပေးရန် ပျက်ကွက်မှုဖြင့် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခြင်းခံလာရပါတယ်။
ကစားသမားဘဝမှ အနားယူထားပြီးဖြစ်တဲ့ ဆီနီဂေါစတားဟောင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကလေးစရိတ်ပေးရန် ပျက်ကွက်မှုအတွက် ဇနီးဟောင်းဗာလီရီဘစ်ရှော့ရဲ့ တရားစွဲဆိုခြင်းခံခဲ့ရပါတယ်။
ယခုအခါ တရားရုံးက အသက် ၄၅ နှစ်ရှိ ဒီယော့ဖ်အား ဇနီးဟောင်းအား ပေါင် ၁၃၂၂၂၀ တန်ဖိုးရှိ အနောက်အာဖရိကန်ဖရန့် ၁၀ သန်းပေးရန်နှင့် ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ချမှတ်လာပါတယ်။
ဗာလီရီဟာ ဒီယော့ဖ်နှင့် အသက် ၁၇ နှစ်အရွယ်ရှိ ကေလာအမည်ရှိ သမီးတစ်ဦး ပိုင်ဆိုင်ထားပြီး ၂၀၂၃ ခုနှစ်တုန်းက ကွာရှင်းပြတ်စဲခဲ့ပါတယ်။
ထိုစဉ်တုန်းက ဒီယော့ဖ်ဟာ ကလေးပြုစုပျိုးထောင်စရိတ်(ကျောင်းစရိတ်နှင့် ဆေးဖိုးစရိတ်အပါအဝင်) တစ်လလျှင် ပေါင် ၆၇၀ ပေးရန် တရားရုံးက ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဗာလီရီက ဒီယော့ဖ်မှာ ၂၀၂၄ ခုနှစ် မတ်လကတည်းက ကလေးစရိတ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွဲဆိုခဲ့ပါတယ်။
ဆီနီဂေါဥပေဒအပုဒ် ၃၅၁ အရ ကလေးစရိတ် ထောက်ပံ့ခြင်း မပြုလုပ်လျှင် ထောင်ဒဏ်ချမှတ်နိုင်ပါတယ်။
ဒါကာဖွား ဒီယော့ဖ်ဟာ ၂၀၀၂ ခုနှစ်တွင် ပြင်သစ်ကလပ် လန်းစ်မှ လီဗာပူးသို့ ပေါင် ၁၀ သန်းဖြင့် ပြောင်းလာပြီးနောက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၈၀ ကစားခဲ့ရာပြီး ပရီးမီးယားလိဂ်ပွဲ ၅၅ ပွဲတွင် ၃ ဂိုးတည်းသာ သွင်းပေးနိုင်ခဲ့ပါတယ်။
ဆီနီဂေါအတွက် ပွဲ ၇၀ ကစားခဲ့တဲ့ သူဟာ ဘော်လ်တန်၊ ဆန်းဒါးလန်း၊ ဘလက်ဘန်း၊ ရိန်းဂျား၊ ဒွန်ကက်စတာ၊ လိဒ်တို့တွင်လည်း ကစားခဲ့ကာ မလေးရှားကလပ် ဆာဘာတွင် ကစားသမားဘဝမှ အနားယူခဲ့ပါတယ်။
သူဟာ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆီနီဂေါအား ကွာတားဖိုင်နယ်သို့ တက်ရောက်အောင် စွမ်းဆောင်ပေးနိုင်ပြီးနောက် ကမ္ဘာ့ဘောလုံးလောကတွင် ကျော်ကြားလာသူ ဖြစ်ပါတယ်။
သူဟာ ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်တို့တွင် အာဖရိကတစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ကို ဆွတ်ခူးခဲ့ပြီး ၂၀၀၄ ခုနှစ်တုန်းက ကြေညာခဲ့တဲ့ ပီလီရဲ့ ရှင်သန်ဆဲ အကောင်းဆုံးကစားသမား ၁၀၀ စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရပါတယ်။
ဒါပေမဲ့သူဟာ အင်္ဂလန်တွင် ကစားနေစဉ်အတွင်း ကွင်းတွင်း ကွင်းပြင်ပြဿနာများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၀၄ ခုနှစ်တုန်းက ဘလက်ဘန်းတွင် ကစားစဉ် ပို့စ်မောက်ကစားသမားအာဂျန်ဒီဇီယူအား တံတွေးဖြင့် ထွေးခဲ့မှုအတွက် ၃ ပွဲပယ်ခံခဲ့ရသလို ယူအီးအက်ဖ်အေပွဲတစ်ခုတွင် ဆဲလ်တစ်ပရိသတ်တစ်ဦးအား တံတွေးဖြင့် ထွေးခဲ့မှုအတွက် တရားရုံးရဲ့ ပေါင် ၅၀၀၀ ဒဏ်ရိုက်ခံခဲ့ရပါတယ်။

image